ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်တဲ့ လင်ဂတ် ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်း ဖြစ်တဲ့ စပါးအသင်းနဲ့ ရုရှားကလပ် ဇင်းနစ်အသင်းတို့ဟာ စိတ်ဝင်စားနေကြတယ် လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် ၂၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လင်ဂတ်ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ အချိန်တချို့ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာတော့ ပွဲထွက်ခွင့် များများစားစား မရခဲ့သလို လက်ရှိ ဘောလုံးရာသီမှာလည်း အသင်းရဲ့ ဦးစားပေး ကွင်းလယ်လူ စာရင်းထဲမှာ မပါဝင်ပါဘူး။

Photo Credit: Metro

မန်ယူအသင်းဟာ လက်ရှိ နွေစျေးကွက်မှာ အေဂျက်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူထားသလို ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးစားနေတာကြောင့် လက်ရှိ ဘောလုံးရာသီမှာ လင်ဂတ်အနေနဲ့ ပွဲထွက်ခွင့်တွေ ထပ်မံ ပျောက်ဆုံးမယ့် အနေအထားမှာ ရှိနေပါတယ်။ လက်ရှိမှာတော့ လင်ဂတ်ကို ခေါ်ယူဖို့ အတွက် မန်ယူအသင်းရဲ့ နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြ မော်ရင်ဟိုက ကြိုးစားနေပြီး မော်ရင်ဟိုဟာ စပါးအသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဒယ်လီ အလီ ကို ရောင်းချကာ လင်ဂတ်ကို သူ့အသင်းထံ ခေါ်ယူလို နေတာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။

Photo Credit: Metro

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ယုံကြည် စိတ်ချရတဲ့ သတင်းဌာန တစ်ခု ဖြစ်တဲ့ Times Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လီဗိုင်းဟာ အလီရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် လင်ဂတ် ကို ခေါ်ယူချင်နေပြီး လင်ဂတ်နဲ့ ဆွေးနွေးမှုတွေ တောင် ပြုလုပ် ထားကြောင်း လည်း သိရှိ ရပါတယ်။ ဒါပေမယ့် စပါးအသင်းက လင်ဂတ် ကို ခေါ်ယူမယ့် ကိစ္စရပ်ဟာ အလီအပေါ် မူတည် နေပြီး အလီကသာ လက်ရှိ နွေစျေးကွက် အတွင်း မှာ အသင်းသစ် မရှာဖွေနိုင်ပါက စပါးအသင်း ဟာ လင်ဂတ်ကို ခေါ်ယူဖို့ ခက်ခဲမယ် လို့ သိရပါတယ်။ စပါးအသင်းနဲ့ အပြိုင် လင်ဂတ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဇင်းနစ်အသင်း ကတော့ လင်ဂတ်ကို ခေါ်ယူဖို့ စတင် ချိတ်ဆက်လာပြီး လင်ဂတ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်း ဝန်းကျင် သုံးစွဲဖို့ အဆင်သင့် ဖြစ်နေတာကြောင့် အလီသာ စပါးအသင်းကနေ မထွက်ခွာ ဖြစ်ရင် လင်ဂတ်ဟာ ဇင်းနစ်အသင်းထံ ရောက်ရှိ သွားနိုင်ကြောင်း လင်ဂတ်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

The post လင်ဂတ်ကို ခေါ်ယူဖို့ အတွက် စပါးအသင်းနဲ့ အပြိုင် စိတ်ဝင်စားနေတဲ့ ဇင်းနစ် appeared first on MySport Myanmar.