မကြာသေးခင်တုန်းကမှ ဘာစီလိုနာအသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားခဲ့ပြီးမှ ဆုံးဖြတ်ချက်ပြန်လည်ပြောင်းလဲသွားခဲ့တဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ဟင်နက်စတက်အသင်းတို့ရဲ့ ရာသီကြိုခြေစမ်းပွဲအတွင်းမှာ ဘာစီလိုနာနဲ့အတူ ပွဲထွက်ပါဝင်ကစားခဲ့ပြီး သွင်းဂိုးရယူနိုင်ခဲ့ခြင်းမရှိသလို ပြိုင်ဘက်ကစားသမားရဲ့ ကစားပုံကြမ်းတမ်းမှုအပေါ်လည်း ဒေါသတကြီးနဲ့ ရင့်သီးစွာပြန်လည်တုန့်ပြန်ပြောဆိုခဲ့တယ်လို့ Goal ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Star

ဘာစီလိုနာအသင်းဟာ ဒီခြေစမ်းပွဲအတွင်းမှာ အသင်းရဲ့အနာဂတ်မရေမရာဖြစ်လို့နေတဲ့ တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ကို တိုက်စစ်မှာ အသုံးပြုလာခြင်းမရှိပဲ မက်ဆီကို အထောင်တိုက်စစ်နေရာကနေ အသုံးပြုခဲ့ကာ ဒမ်ဘီလီနဲ့ ပတ်ဒရီတို့ကို တောင်ပံတိုက်စစ်တွေမှာ အသုံးပြုခဲ့သလို ဂရစ်ဇ်မန်းကိုလည်း နံပါတ်(၁၀)နေရာမှာ အသုံးပြုခဲ့ပါတယ်။ အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပြင်သစ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီနဲ့ ဂရစ်ဇ်မန်းတို့ကနေ သွင်းယူခဲ့သလို ပွဲသိမ်းဂိုးကိုတော့ ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားနဲ့ပြန်ရောက်လာခဲ့တဲ့ ကော်တင်ဟိုက ပင်နယ်တီကနေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

Photo Credit : Daily Mail

အဆိုပါပွဲစဉ်အတွင်းမှာ ဟင်နက်စတက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျာဗီယားရီဘယ်လက်စ်က မက်ဆီရဲ့ဘောလုံးဆွဲပြေးမှုကို လိုက်လံဟန့်တားရင်းနဲ့ ကစားပုံကြမ်းတမ်းမိခဲ့တာကို မက်ဆီက ဒေါသထွက်သွားခဲ့ပြီး ရင့်သီးတဲ့စကားလုံးတွေနဲ့ ပြန်လည်တုန့်ပြန်ခဲ့တယ်လို့ ရီဘယ်လက်စ်ကိုယ်တိုင်က ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ မက်ဆီက ရယ်ဘီလက်စ်ကို “မင်းငါ့ကိုဘာလုပ်လိုက်တာလဲ ငတုံးကောင်။ မင်းငါ့ကို ကန်ကြောက်ပြီး တားမြစ်ချင်လို့လား။ သောက်သုံးမကျတဲ့ကောင်” လို့ ဒေါသတကြီးနဲ့ အော်ဟစ်ပြောဆိုလို့သွားခဲ့ပါတယ်။ ရယ်ဘီလက်စ်ကလည်း မက်ဆီကို သူမတားဆီးခဲ့ဘူးဆိုရင် လွတ်သွားတော့မှာဖြစ်လို့ ကစားပုံကြမ်းခဲ့ရတာလို့ ပြန်လည်တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေကို မရယူနိုင်ခဲ့တဲ့အပြင် အသင်းရဲ့အစီအစဉ်တွေကိုလည်း နှစ်သက်ခြင်းမရှိတာကြောင့် အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပေမယ့်လည်း အသင်းနဲ့သူ့ကြားမှာ စာချုပ်သက်တမ်းက တစ်နှစ်အထိ ကျန်ရှိလို့နေသေးပြီး သူရဲ့စာချုပ်လျော်ကြေးပမာဏကလည်း ယူရိုသန်းပေါင်းများစွာ ရှိနေတဲ့အတွက် အသင်းပြောင်းဖို့က ခက်ခဲနိုင်တာကြောင့် ဘာစီလိုနာမှာ သက်တမ်းကုန်ဆုံးချိန်ထိ ဆက်ရှိနေဖို့ ဆုံးဖြတ်လိုက်ရတာပဲဖြစ်ပါတယ်။

The post ခြေစမ်းပွဲအတွင်း ပြိုင်ဘက်ကစားသမားရဲ့ဟန့်တားမှုကို ဒေါသတကြီး တုန့်ပြန်ခဲ့တဲ့ မက်ဆီ appeared first on MySport Myanmar.