ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာ ကတော့ ယမန်နေ့ည ၁၁နာရီမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်းဟာ ပြိုင်ဘက်အသင်းထက် ပိုပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်မှု ရှိကြောင်း ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။ မန်ယူအသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်း ထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ကြပြီး နှစ်သင်းစလုံးဟာ တစ်ဖက်အသင်းကို အသာစီး ရရှိအောင် ကစားဖို့ထက် အမှားမရှိရေးကိုသာ ဦးတည် ကစားခဲ့တာကြောင့် ပွဲဟာ ထင်ထားတာထက် ပိုမို ငြိမ်သက်ခဲ့တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: Utd Report

အိုးထရက်ဖို့ဒ်ကွင်း ထဲမှာ ကစားရတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်တာကြောင့် မန်ယူအသင်းဟာ ပွဲချိန် တော်တော်များများမှာ ချယ်လ်ဆီးအသင်းဘက် ကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမားသစ် မန်ဒီရဲ့ လက်စွမ်းတွေကြောင့် ဦးဆောင်ဂိုး ရရှိနိုင်မယ့် အခွင့်အရေးနဲ့ ရုန်းကန် ခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အသစ်စက်စက် ဂိုးသမား တစ်ဦးဖြစ်တဲ့ မန်ဒီ ကတော့ ဒီနေ့ပွဲမှာ သူဟာ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြသွားပြီး မန်ယူအသင်းရဲ့ ဂိုးရရှိနိုင်တဲ့ အပိုင်အခွင့်အရေး ၃ကြိမ်ကို ကာကွယ် သွားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ရက်ဖို့ဒ်နဲ့ တစ်ဦးချင်း ရင်ဆိုင်တွေ့ရာမှာ ကာကွယ်နိုင်မှု ၊ ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးခါနီးမှာ မာတာရဲ့ လှပတဲ့ ဝေ့ဝိုက်ကန်သွင်းချက် ၊ ဒုတိယပိုင်း ပွဲကစားချိန် ပြီးဆုံးခါနီးမှာ ရက်ဖို့ဒ်ရဲ့ ဝေ့ဝိုက် ကန်သွင်းချက်တွေကို ကာကွယ်နိုင်ခဲ့မှုတွေဟာ မန်ဒီရဲ့ အရည်အသွေးကို ပြသခဲ့တဲ့ အရာတွေ ဖြစ်ခဲ့ပါတယ်။

Photo Credit: Utd Report

ပွဲပြီး အင်တာဗျူးမှာတော့ ဒီဂီယာက သူတို့အသင်းဟာ ချယ်လ်ဆီးအသင်းထက် ပိုပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်မှု ရှိခဲ့ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ဒီဂီယာက ” ကျွန်တော့် အတွက်တော့ ကျွန်တော်တို့ဟာ ပွဲကို အနိုင်ရရှိဖို့ လုံလောက်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ကြတယ် လို့ ထင်ပါတယ်။ ဒါက အသင်းကောင်း တစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲကျပ် တစ်ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီထက် ပိုတဲ့ အရာနဲ့ ထိုက်တန်မှု ရှိတယ် လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံး အခွင့်အ​ရေး နှစ်ကြိမ် ၊ သုံးကြိမ်လောက် ရခဲ့ပါတယ်။ အထူးသဖြင့် ရက်ဖို့ဒ်နဲ့ သက်ဆိုင်တဲ့ အရာတွေပေါ့။ ဒါပေမယ့် တစ်ဖက် ဂိုးသမားက အားလုံးကို ကာကွယ် သွားနိုင်ခဲ့ပါတယ်။ ဒါက အဆင်ပြေပါတယ်။ ကျွန်တော် အရှေ့မှာ ပြောခဲ့သလိုပဲပေါ့။ ကျွန်တော်တို့ဟာ ဒီထက်ပိုတဲ့ ရလဒ်တစ်ခုနဲ့ ပိုပြီး ထိုက်တန်ခဲ့တာပါ။ ဒါက ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့က နောက်ထပ် ပွဲကောင်း တစ်ပွဲအတွက် ပြင်ဆင် ရတော့မှာပါ ” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

The post မန်ယူအသင်းဟာ သရေတစ်မှတ်ထက် ပိုပြီးထိုက်တန်မှု ရှိကြောင်း ဖွင့်ဟသွားတဲ့ ဒီဂီယာ appeared first on MySport Myanmar.