မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်ဆာဘီးယားကွင်းလယ်ကစားသမားကြီး နီမန်ဂျာမာတစ်က အခုနှစ်ဘောလုံးရာသီမှာ သူတို့အသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းတို့ရဲ့ကြား အမှတ်ကွာဟချက်တွေ များပြားနေခဲ့သလို ပြိုင်ပွဲမပြီးဆုံးခင်မှာပဲ လီဗာပူးလ်အသင်း ချန်ပီယံဖြစ်သွားမျိုးတာတွေကို လာမယ့်နှစ်မှာ ထပ်ဖြစ်လာနိုင်တော့မှာမဟုတ်ပဲ သူတို့ရဲ့ယူနိုက်တက်အသင်းက ချန်ပီယံပြေးလမ်းထဲမှာ လီဗာပူးလ် မန်စီးတီးအသင်းတို့အတူ ဆုံးခန်းတိုင်တဲ့အထိ ဝင်ရောက်တိုက်ပွဲဝင်လာမှာဖြစ်ကြောင်း ကြုံးဝါးပြောဆိုလိုက်ပါတယ်။

 

ယူနိုက်တက်အသင်းဟာ နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန် အနားယူသွားတဲ့နောက်ပိုင်းမှာ လိဂ်ချန်ပီယံဆုအတွက် ပြိုင်ပွဲဝင်အသင်းတစ်သင်း ဖြစ်မလာတော့ပဲ အမှတ်ပေးဇယားရဲ့အဆင့်(၅)နဲ့(၆)နေရာတွေမှာ ကျင်လည်နေခဲ့ရပြီး ဒီနှစ်ရာသီမှာတော့ ရာသီဝက်အတွင်း အကောင်းဆုံးစွမ်းဆောင်မှုတွေနဲ့အတူ အဆင့်(၃)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ပြန်လည်ရရှိခဲ့ရပါတယ်။ ဒါပေမယ့် လာမယ့်ဘောလုံးရာသီမှာတော့ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာမကပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ကိုပါ ပစ်မှတ်ထားလာမှာဖြစ်တယ်လို့ မာတစ်က ပြောဆိုလာခဲ့ပါတယ်။

မာတစ်က “ကျွန်တော်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလားကြီးကိုပါ ပိုင်ဆိုင်ချင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းအနေနဲ့ နှစ်တိုင်းလိုလို အမှတ်ပေးချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့်အသင်း ဖြစ်နေသင့်တာလို့ ထင်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းကို အသင်းကောင်းတစ်သင်းဖြစ်လာအောင် အမြဲကြိုးစားနေဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဘောလုံရာသီတစ်ခုတောင် မပြီးဆုံးသေးခင် (၇)ပွဲ (၁၀)ပွဲအလောက်မှာ အမှတ်ပေးချန်ပီယံဆုကို အရယူသွားခဲ့တာမျိုးတွေ ထပ်ပြီးအဖြစ်မခံနိုင်တော့ဘူး။ ရာသီနောက်ဆုံးပွဲအထိကို ကျွန်တော်တို့တွေ တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့အသင်းမှာ ငယ်ရွှယ်ပြီးတော့ ပွဲအတွေ့အကြံုလေးတွေလည်း ရှိလာခဲ့တဲ့ လူငယ်ကစားသမားလေးတွေ ရှိလာခဲ့လို့ လာမယ့်ရာသီမှာ အမှတ်ပေးချန်ပီယံအတွက် စိန်ခေါ်လာနိုင်မှာပါ။ ကျွန်တော်တို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာမလားဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်တို့တွေ နောက်ဆုံးပွဲတွေအတွက် တိုက်ပွဲဝင်လာတော့မယ်ဆိုတာပါပဲ။ ဒါက ကျွန်တော်ရဲ့တစ်ကိုယ်ရည်ပစ်မှတ်ပါပဲ။ တခြားအသင်းဖော်တွေလည်း ကျွန်တော်လိုပဲ တွေးထားလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ကြံုးဝါးပြောဆိုလိုက်ပါတယ်။

The post လီဗာပူးလ်ရဲ့လွှမ်းမိုးမှုတွေကို လာမယ့်ရာသီမှာ ရပ်တန့်ပစ်လို့ ကြုံးဝါးလိုက်တဲ့ မာတစ် appeared first on MySport Myanmar.