မနေ့ညက ကျင်းပသွားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ စပိန်လာလီဂါ အယ်ဂလက်စီကိုဒါဘီပွဲစဉ်အတွင်း တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျနေချိန်အတွင်း ပင်နယ်တီဧရိယာထဲမှာ ရီးရဲလ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ကို ဘာစီလိုနာနောက်ခံလူ လွန်းဂလတ်က အကျီဆွဲထားခဲ့တယ်ဆိုပြီး VAR ကနေ စစ်ဆေးရင်း ပင်နယ်တီပါ သတ်မှတ်ပေးခဲ့ရာ ရာမို့စ်ကပဲ ဒီပင်နယ်တီကို သွင်းယူခဲ့ကာ ပွဲကိုဦးဆောင်စေခဲ့သလို မိုဒရစ်ကလည်း ပွဲပြီးဆုံးခါနီးမှာပါ နောက်ထပ်သွင်းဂိုးရယူခဲ့လို့ နူးကမ့်မှာ ဘာစီလိုနာတို့ ရှံးပွဲကြုံတွေ့ခဲ့ရပါတယ်။

Photo Credit : Daily Mail

ပွဲအပြီးမှာတော့ ပင်နယ်တီသတ်မှတ်ပေးခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ပွဲကြည့်ပရိသတ်များစွာက အငြင်းအခုံဖြစ်နေကြပြီး မပေးသင့်ပဲ ပေးခဲ့ရတဲ့ ပင်နယ်တီလို့ပါ သတ်မှတ်ပြောဆိုလာခဲ့ကြသလို ဘာစီလိုနာအသင်းရဲ့နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းကလည်း လာလီဂါပြိုင်ပွဲအတွင်းမှာ အသုံးပြုနေတဲ့ VAR က သူတို့အသင်းကို ဘယ်တော့မှ မျက်နှာသာမပေးတတ်တဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ချမှတ်လေ့ရှိတယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ဘာစီနည်းပြကိုးမန်းက “ဆုံးဖြတ်ချက်တိုင်းက ကျွန်တော်တို့ကို ဆန့်ကျင်နေတာချည်းပါပဲ။ အသင်းကစားခဲ့တဲ့ ပွဲစဉ်(၅)ပွဲအတွင်းမှာ အသင်းအတွက် မျက်နှာသာပေးတဲ့ ဆုံးဖြတ်ချက်တွေ တစ်ခုမှကို မရှိခဲ့ဘူး”

Photo Credit : Daily Mail

“ဆီဗီလာနဲ့ပွဲစဉ်တုန်းက မက်ဆီကို ကစားပုံကြမ်းလို့ ပင်နယ်တီရခဲ့သင့်တာကို သူတို့မပေးခဲ့ဘူး။ ဂီတာဖေးနဲ့ပွဲမှာကျတော့ ကျွန်တော်တို့ကစားသမားတစ်ယောက်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့တယ်။ ဒီနေ့ကျတော့လည်း ပင်နယ်တီသတ်မှတ်ပေးလိုက်ခံရပါတယ်။ ကျွန်တော်ကတော့ ဒါကို ပင်နယ်တီလို့ လုံးဝမထင်ပါဘူး။ စပိန်နိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ VAR ကတော့ အမြဲလိုလို ကျွန်တော်တို့အသင်းကို ဆန့်ကျင့်တာတွေပဲ လုပ်ဆောင်နေပါတယ်” လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ ဒီရှံးပွဲကြောင့် ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ လာလီဂါ(၂)ပွဲဆက်တိုက်ကို အရေးနိမ့်လိုက်ရတာဖြစ်ပေမယ့် ပြိုင်ပွဲစုံ အိမ်ကွင်း(၂)ပွဲဆက်တိုက် ရှံးနိမ့်ထားရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက်တော့ နိုင်ပွဲပြန်ရှာတွေ့နိုင်ခဲ့သလို ရီးရဲလ်နည်းပြဇီဒန်းကလည်း သူရဲ့နည်းပြဘဝအတွင်း နူးကမ့်ကွင်းမှာ လုံးဝမရေးနိမ့်ထားတဲ့ စံချိန်မှတ်တမ်းကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရီးရဲလ်အသင်းဟာ လာလီဂါ(၆)ပွဲ ကစားထားနိုင်ပြီး ရမှတ်(၁၃)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ထားနိုင်ခဲ့ကာ (၅)ပွဲပဲ ကစားရထားသေးတဲ့ ဘာစီလိုနာအသင်းကတော့ (၇)မှတ်ပဲ ရရှိထားခဲ့လို့ အမှှတ်ပေးဇယားရဲ့ အဆင့်(၁၂)နေရာကို ကျဆင်းနေပါတယ်။

The post လာလီဂါမှာ အသုံးပြုနေတဲ့ VAR က ဘာစီလိုနာကိုပဲ ဆန့်ကျင်လျက်ရှိနေတဲ့ ကိုးမန်းပြောဆို appeared first on MySport Myanmar.