ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ခြောက်ကြိမ်အထိ စံချိန် တင် ရရှိထားခဲ့ကာ ကမ္ဘာ့ဘောလုံးသမိုင်းထဲမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ထားခြင်း ခံထားရတဲ့ မက်ဆီ ဟာ သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ ဆုဖလားပေါင်းများစွာကို ရရှိထားသူ ဖြစ်ပေမယ့် နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနား အသင်းနဲ့တော့ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူထားနိုင်ခြင်း မရှိတာကြောင့် မကြာခဏဆိုသလို ဝေဖန်မှုတွေ ခံနေရသူပါ။ မက်ဆီဟာ အာဂျင်တီးနား ယူ၂၃အသင်းနဲ့အတူ အိုလံပစ် ရွှေတံဆိပ်တစ်ခု ရရှိခဲ့ဖူးပေမယ့် စီနီယာ အသင်းကြီးမှာတော့ ဆုဖလားအောင်မြင်မှုတွေ အခုချိန်ထိ ရယူနိုင်ခဲ့ခြင်းမရှိသေးပဲ သူ့ရဲ့ အဓိက ပြိုင်ဘက်လို့ ဆိုရမယ့် ပေါ်တူဂီသား စီရိုနယ်ဒိုနဲ့ ယှဉ်လိုက်ရင်တော့ အဆိုပါအချက်ဟာ သူ့အတွက် မျက်နှာငယ်စရာဖြစ်နေခဲ့ပါတယ်။

Photo Credit: Express.com

ဘာ့ကြောင့်လဲဆိုတော့ စီရိုနယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့အတူ ယူရိုဖလားနဲ့ Nation Leagueဖလားတွေကို ရယူထားနိုင်သူ ဖြစ်ပြီး မက်ဆီကတော့ လက်ရှိအချိန်အထိ အာဂျင်တီးနားအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူထားနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် မက်ဆီ ဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလား ဗိုလ်လုပွဲ၂ကြိမ် ၊ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ၁ကြိမ်တို့ကို တက်လှမ်းထားနိုင်ခဲ့ပြီး ဆုဖလား ကံခေမှုတွေကြောင့်သာ ဆုဖလားတွေ မရရှိခဲ့တာပါ။ လက်ရှိမှာတော့ အာဂျင်တီးနား ဂိုးသမားဖြစ်သူ အူစတာရီက မက်ဆီကို နိုင်ငံ အသင်းနဲ့ ဖလားမရတာတစ်ခုတည်းကို ကြည့်ပြီး ဝေဖန်လို့မရကြောင်း မက်ဆီဘက်မှ ချေပကာကွယ် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express.com

မက်ဆီကို ဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး အူစတာရီက ” မက်ဆီသာ ကမ္ဘာ့ဖလားကို မရခဲ့ရင် ဘောလုံးလောကဟာ မမျှတဘူးဆိုတာကို သံသယရှိစရာ မလိုတော့ဘူးဆိုတာ ကျွန်တော် သိပါတယ်။ မက်ဆီဟာ သံသယဝင်စရာမလိုတဲ့ ကစားသမားပါ။ အဖြစ်အပျက်တွေက ကောင်းလာနိုင်သလို မကောင်းတာတွေလဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ကို ကျွန်တော် ပြောနိုင်တာက နိုင်ငံလက်ရွေးစင်အသင်းနဲ့ ဖြစ်ခဲ့တာတွေအတွက် မက်ဆီဟာ ကလေးတစ်ဦးလို ငိုကြွေးခဲ့တယ် ဆိုတာပါပဲ။ ဒါက အတော်လေး ကို ခက်ခဲတဲ့ အချိန်တစ်ခုပါ။ ၂၀၁၁ခုနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲကို ကျွန်တော် မှတ်မိပါသေးတယ်။(အဆိုပါပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းဟာ ဥရုဂွေးအသင်းကို ကွာတားဖိုင်နယ် မှာ ရှုံးကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်) အဲ့ဒီ အချိန်တုန်းက ကျွန်တော်ဟာ ဒူးခေါင်းဒဏ်ရာ ကနေ ပြန်လည်သက်သာတဲ့အချိန်ပေါ့။ မက်ဆီ ကို တွေ့ဖို့အတွက် ကျွန်တော် အီဇီဇာကွင်းထဲကို သွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့ရဲ့ပုံစံကို ကျွန်တော်အရင်တုန်းက တစ်ခါမှမတွေ့ဖူးပါဘူး။ သူဟာ အတော်လေးကို ယူကျုံးမရ ဖြစ်နေတဲ့ပုံစံပါပဲ ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

The post မက်ဆီသာ ကမ္ဘာ့ဖလားမရရင် ဒါက မတရားမှုပဲ လို့ ဆိုလာတဲ့ အာဂျင်ဂိုးသမား အူစတာရီ appeared first on MySport Myanmar.