ဒီရက်ပိုင်းအတွင်းမှာပဲ ကစားသမားသစ်နှစ်ယောက်ဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ ဆာဂျီယိုရယ်ဂီလွန်တို့ကို တပြိုင်နက်တည်း ခေါ်ယူအားဖြည့်ထားခဲ့တဲ့ စပါးအသင်းဟာ နွေစျေးကွက်မပိတ်သိမ်းခင်မှာပဲ နောက်ထပ်ကစားသမားသစ်တွေကို ဆက်လက်ခေါ်ယူသွားဖွယ် ရှိလို့နေသေးပြီး ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Star ရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ကို ခေါ်ယူသွားဖို့ နီးစပ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Star

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ စပါးနည်းပြဟိုဆေးမော်ရင်ဟိုနဲ့ ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး လက်ရှိမှာတော့ ယူနိုက်တက်မှာ နေရာပျောက်နေသူလည်းဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် ဇန်နဝါရီလကနေစတင်ပြီး ပရီးမီးယားလိဂ်မှာ တစ်ကြိမ်တစ်ခါမှ ပွဲထွက်ခွင့်မရတော့တဲ့ လင်ဂတ်ကို ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ယူနိုက်တက်ဘက်ကနေ ရောင်းချသွားချင်နေပြီး ယူနိုက်တက်ရဲ့ပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းကနေ လင်ဂတ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Essentially Sport

လင်ဂတ်ဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပြီး သူရဲ့အရည်အသွေးတွေကလည်း ကျဆင်းလာခဲ့လို့ အသင်းပရိသတ်တွေကပါ လှောင်ပြောင်ခြင်းနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြမော်ရင်ဟိုကတော့့ လင်ဂတ်အနေနဲ့ သူရဲ့စပါးအသင်းမှာ တောက်ပလာနိုင်မယ်လို့ ယုံကြည်နေမိတာကြောင့် အခုလို ခေါ်ယူသွားဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး အသင်းမှာ အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ ဒယ်လီအလီနေရာကို အစားထိုးဖွယ် ရှိနေပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ လင်ဂတ်က အသင်းမှာပဲ ဆက်လက်ရှိနေဦးမှာပါလို့ ပြောဆိုထားခဲ့ပေမယ့်လည်း သူ့ကို ပွဲတော်တော်များများမှာ ထည့်သွင်းကစားခွင့်မပြုပဲ အရန်မှာပဲ ဆက်လက်ထားရှိနေတာကြောင့် လင်ဂတ်အနေနဲ့ကလည်း သူရဲ့အခြေအနေတွေအပေါ်မှာ စိတ်ပျက်လာခဲ့ရတဲ့အတွက် အသင်းနဲ့ လမ်းခွဲဖို့ကို စဉ်းစားလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်ရာသီမှာ နယ်သာလန်ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်တစ်ယောက်တည်းကိုပဲ ခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပြီး ကစားသမားတွေ ထပ်မံမခေါ်ယူတော့လို့ ပရိသတ်တွေရဲ့စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

The post တပည့်ဟောင်းလင်ဂတ်နဲ့ စပါးအသင်းမှာ ပြန်လည်းပူးပေါင်းသွားဖို့ နီးစပ်လျက်ရှိနေတဲ့ မော်ရင်ဟို appeared first on MySport Myanmar.