ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှပဲ အသင်းရဲ့အရန်တိုက်စစ်ကစားသမား ပါရတ်ကို မီဝေါအသင်းဆီ တစ်ရာသီအငှားချပြီးနောက် အသင်းမှာ အေထောင်တိုက်စစ်မှူးစစ်စစ်ဆိုလို့ အသင်းခေါင်းဆောင်ဟယ်ရီကိန်းသာ ကျန်ရှိနေတော့တဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ ဝက်ဖိုဒ့်အသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမားကြီး ထရွိုင်ဒီနေးကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စတင်ကြိုးပမ်းလာခဲ့ပြီး ဝက်ဖိုဒ့်အသင်းဘက်ကတော့ သူတို့ကစားသမားကို အပြီးသတ်သာ ရောင်းချချင်နေပါတယ်။

Photo Credit : Daily Mail

အသက်(၃၂)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဒီနေးဟာ ဝက်ဖိုဒ့်အသင်းမှာ ဆယ်စုနှစ်တစ်ခုအကြာထိ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး အသင်းရဲ့အသင်းခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ထားရသူဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း ဒီနေးဟာ ဝက်ဖိုဒ့်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပေမယ့် အသင်းကိုတော့ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင်တော့ မကူညီပေးနိုင်ခဲ့တဲ့အပြင် အသင်းနဲ့ကလည်း စာချုပ်သက်တမ်းက တစ်နှစ်ပဲကျန်ရှိတော့တာဖြစ်လို့ အသင်းနဲ့ လမ်းခွဲဖို့က ပိုမိုနီးစပ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီနေးရဲ့အေးဂျင့်ဘက်ကနေလည်း သူရဲ့ကစားသမားအတွက် အသင်းသစ်တွေကို ရှာဖွေပေးနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စပါးအသင်းနဲ့ ချိတ်ဆက်မိခဲ့ကာ ဒီနေးကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် စပါးဘက်က ဒီနေးကို အငှားနဲ့သာ ခေါ်ယူချင်နေပြီး အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့က အနည်းငယ်ကြန့်ကြာဖွယ် ရှိနေပါတယ်။ စပါးအသင်းဟာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ထက် ဝက်ဖိုဒ့်အသင်းလိုပဲ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရတဲ့ ဘုန်းမောက်အသင်းရဲ့ တိုက်စစ်ကစားသမား ကော်လန်ဝီလ်ဆန်ကိုလည်း ပစ်မှတ်ထားလို့နေပြီး ဒီနေးထက် ကော်လန်ဝီလ်ဆန်ကို အဓိကထားခေါ်ယူဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အမှတ်ပေးဇယားအတွင်း အဆင့်(၆)နဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ စပါးအသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်ကိုတော့ ပိုင်ဆိုင်ခဲ့ရပေမယ့် သူတို့ခါးသီးမြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းက အက်အေဖလားမှာ ဗိုလ်စွဲသွားခဲ့လို့ စပါးအသင်းအနေနဲ့ ယူရိုပါလိဂ်ကို အုပ်စုအဆင့်ကနေ တန်းယှဉ်ပြိုင်ခွင့်မရှိတော့ပဲ ခြေစစ်ပွဲဒုတိယအဆင့်ကနေ စတင်ကစားရမှာဖြစ်လို့ ပွဲကျပ်တွေနဲ့ တောက်လျှောက်ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

The post ဝက်ဖိုဒ့်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီးဒီနေးကို ခေါ်ယူသွားဖို့ စတင်ကြိုးပမ်းလာခဲ့တဲ့ စပါး appeared first on MySport Myanmar.