ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် Visa မှ ပြုလုပ်ခဲ့သည့် စစ်တမ်းအရ မြန်မာနိုင်ငံသား သုံးစွဲသူ ၄ ဦး လျှင် ၃ ဦး (၇၂ ရာခိုင်နှုန်း) ခန့်သည် Contactless ကတ်ဖြင့် ငွေပေးချေမှုများ ပြောင်းလဲလုပ်ဆောင်ရန် စိတ်ဝင်စားကြောင်း တွေ့ရှိချက်ကို ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ ဤအချက်များသည် Visa မှ “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက် (လေ့လာဆန်းစစ်ချက်)[1] အပေါ် အခြေခံထားခြင်းဖြစ်ပြီး ငွေပေးချေမှုဆိုင်ရာ အလေ့အကျင့်များနှင့် သဘောထားများ အပါအဝင် ငွေပေးချေမှုနှင့် ပတ်သက်သည့် ဖြစ်ပေါ်လာသော အကြောင်းအရာများကို စစ်တမ်းကောက်ယူ လေ့လာခဲ့ခြင်း ဖြစ်သည်။

လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူထက်ဝက်ကျော် (၅၂ ရာခိုင်နှုန်း) ခန့်သည် Contactless ကတ်များဖြင့် ငွေပေးချေမှုကို သိရှိကြကြောင်း တွေ့ရှိခဲ့ပြီး အဆိုပါ အချက်သည် ပြီးခဲ့သောနှစ်က ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

Visa Myanmar မှ Country Manager ဖြစ်သူ Lillian Wang က “ဒစ်ဂျစ်တယ်ငွေပေးချေမှုဟာ စီးပွားရေး တိုးတက်မှုနှင့် လူမှုရေးတိုးတက်မှုအတွက် ဘယ်တုန်းကမှ ယခုအချိန်လောက် အဓိက မကျခဲ့ပါဘူး။ ငွေအသွားအလာလှုပ်ရှားမှုတွေ တိုးတက်လာတာဟာ ဆန်းသစ်တီထွင်မှုတွေအတွက် အထောက်ကူပစ္စည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေ ပိုမို ချိတ်ဆက်နိုင်မှု၊ အားလုံးပါဝင်မှုနဲ့ လက်ခံမှုတွေဟာ အင်မတန်အရေးကြီးပါတယ်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းမှာ ဦးဆောင်သူအနေနဲ့ ကျွန်မတို့ဟာ မြန်ဆန်၊ အဆင်ပြေပြီး လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေကို တိုးချဲ့ဖို့ နည်းလမ်းတွေ ရှာဖွေ နေစဉ်မှာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အသုံးပြုသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒစ်ဂျစ်တယ်ငွေပေးချေမှုရဲ့ အကျိုး ကျေးဇူးတွေကို နားလည် သဘောပေါက်လာအောင် ကူညီဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားပြီးဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်။

ဖြေဆိုသူများသည် Contactless ကတ်များကို အများဆုံး အသုံးပြုကြသည့် နေရာများအနေဖြင့် ပြည်ပခရီးသွားရာတွင် အများဆုံးအသုံးပြုကြကြောင်း ဖြေဆိုခဲ့ကြပြီး ထို့နောက်တွင် စူပါမားကက်များ နှင့် စားသောက်ခြင်းများအတွက် စသည်ဖြင့် အသုံးပြုကြကြောင်း ဖြေဆိုခဲ့ကြသည်။

ထို့အပြင် ဤလေ့လာမှုတွင် အသက်အပိုင်းအခြားအလိုက် အသုံးပြုမှုကိုလည်း လေ့လာတွေ့ရှိခဲ့သည်။ တွေ့ရှိချက်များအရ ပိုမိုငယ်ရွယ်သော ဖြေဆိုသူ Gen-Y (အသက် ၂၅ မှ ၃၉ နှစ်) များသည် ငွေကြေးကိုင်ဆောင်မှုကို ရှောင်ရှားလိုကြောင်း ဖြေဆိုခဲ့ကြပြီး အဆိုပါ အခြေအနေသည် ဖြေဆိုသူ Gen-X (အသက် ၄၀ မှ ၄၅ နှစ်) များထက် ၄ ဆ ပိုမိုများပြားသည်။ (Gen-Y – ၄ ရာခိုင်နှုန်း နှင့် Gen-X – ၁ ရာခိုင်နှုန်း)။ Gen – Y (အသက် ၂၅ မှ ၃၉ နှစ်) များသည် Contactless ကတ် အကြောင်းကို (၅၂ ရာခိုင်နှုန်း) ၊ မိုဘိုင်း Contactless ငွေပေးချေမှုများအကြောင်းကို (၃၉ ရာခိုင်နှုန်း) သိရှိကြကြောင်း ဖြေဆိုခဲ့ကြသည်။ Gen-X (အသက် ၄၀ မှ ၄၅ နှစ်) များသည်လည်း Contactless ကတ် အကြောင်းကို (၄၀ ရာခိုင်နှုန်း) သိရှိကြကြောင်း ဖြေဆိုခဲ့ပြီး မိုဘိုင်း Contactless ငွေပေးချေမှုများအကြောင်းကို (၂၆ ရာခိုင်နှုန်း) သိရှိကြကြောင်း စသည်ဖြင့် ဖြေဆိုခဲ့ကြကာ ၎င်းတို့အနေဖြင့်လည်း အဆိုပါ Contactless နည်းပညာနှစ်ခုစလုံးအကြောင်း သိရှိကြောင်း သိသာထင်ရှားစွာ ဖြေဆိုခဲ့ကြသည်။

ငွေသားကိုင်တွယ် အသုံးမပြုသော လူ့အဖွဲ့အစည်း ၏အခြေအနေ

ငွေသားကိုင်တွယ်ပေးချေရန် မလိုသော ငွေပေးချေမှုစနစ်များ (Cashless Payment Methods) ကို အသုံးပြုသူ ၅ ဦးအနက် ၃ ဦး (၆၂ ရာခိုင်နှုန်း) သည် လာမည့်နှစ်တွင် ထိုစနစ်ကို ပိုမိုအသုံးပြုသွားကြလိမ့်မည်ဟု မျှော်လင့်သည်။ ယင်းကို ဖြစ်ပေါ် စေသည့် အကြီးမားဆုံးအချက်များမှာ အသုံးပြုသူများ၏ သုံးစွဲရခြင်း အဆင်ပြေမှု (၃၆ ရာခိုင်နှုန်း)၊ ငွေသားကိုင်တွယ် ပေးချေရန် မလိုသော ရွေးချယ်မှုအပေါ် ကျယ်ပြန့်စွာ လက်ခံမှု (၂၈ ရာခိုင်နှုန်း)၊ ငွေသားကိုယ်တွယ်ပေးချေမှုအပေါ် ဆန္ဒလျော့ကျလာမှု (၂၀ ရာခိုင်နှုန်း) စသည့် လှုံ့ဆော်ချက်များကြောင့် ဖြစ်သည်။

လေ့လာဆန်းစစ်မှု စစ်တမ်းကောက်ယူချက်များအရ ဝင်ရောက်ဖြေဆိုသူ ၄ ဦးအနက် ၁ ဦး (၂၃ ရာခိုင်နှုန်း) ခန့်သည် ၎င်းတို့၏ နေ့စဉ် လူမှုဘဝတွင် ငွေသားကိုင်တွယ်ဖြေရှင်းမှုကို ရပ်တန့်ပြီး ငွေသားကိုင်တွယ်ပေးချေရန် မလိုသော စနစ်များအပေါ် ကြိုးစားမှီခိုနေထိုင်ခဲ့ကြသည်။ ယင်းစနစ်အသုံးပြုသူ ၁၀ ဦးတွင် ၈ ဦး (၈၀ ရာခိုင်နှုန်း) သည် တစ်ရက် သို့မဟုတ် ရက်ပေါင်းအနည်းငယ်အထိ အဆင်ပြေစွာ နေထိုင်နိုင်ခဲ့ကြသည်။ ၁၂ ရာခိုင်နှုန်းသည် ငွေသားကိုင်တွယ်ပေးချေရန် မလိုသော စနစ်များဖြင့် တစ်လပြည့်အောင် မနေထိုင်နိုင်ခဲ့သော်လည်း တစ်ပတ် သို့မဟုတ် တစ်ပတ်နှင့် အထက် ပို၍ နေထိုင်နိုင်ခဲ့ ကြသည်။ အခြားသော ၈ ရာခိုင်နှုန်းမှာ အဆိုပါ စနစ်များတွင် တစ်လ သို့မဟုတ် တစ်လထက်ပို၍ နေထိုင်နိုင်ခဲ့ကြသည်။

လေ့လာဆန်းစစ်မှုများအနက် စိတ်ဝင်စားစရာ အကောင်းဆုံး မေးခွန်းတစ်ခုမှာ မြန်မာနိုင်ငံအနေဖြင့် ငွေသား လုံးဝ ကိုင်တွယ် ပေးချေရန် မလိုသော ငွေပေးချေမှုစနစ်များ ဖြစ်လာရန် မည်မျှကြာရှည်မည်နည်းဆိုသည့် အကြောင်းအရာအပေါ်ဖြေဆိုသူ မြန်မာနိုင်ငံသားများ၏ ယုံကြည်ချက်ပင်ဖြစ်သည်။ ယခုအကြိမ် လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူ ၄၂ ရာခိုင်နှုန်းသည် ၆ နှစ်မှ ၁၀ နှစ်အတွင်း၊ ၂၁ ရာခိုင်နှုန်းသည် ၂ နှစ်မှ ၅ နှစ်အတွင်း၊ ၂ ရာခိုင်နှုန်းသည် ၁ နှစ်အတွင်းပင် မြန်မာနိုင်ငံသည် ငွေသားကိုင်တွယ်ပေးချေရန် မလိုသော ငွေပေးချေမှုစနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်လာလိမ့်မည်ဟု အသီးသီး ယုံကြည် ကြကြောင်း ဖြေဆိုခဲ့ကြသည်။

“အဆင့်မြင့် ငွေပေးချေမှုစနစ်နည်းပညာ တိုးတက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ဒီဂျစ်တယ်စီးပွားရေးပေါင်းစည်းမှုကို အရှိန်မြှင့်တင်ပေးနိုင်သလို ကျွန်မတို့အတွက်လည်း စားသုံးသူတွေရဲ့ ငွေပေးချေမှုဆိုင်ရာ သဘောထားများနှင့် လုပ်ဆောင် လိုတဲ့ ငွေပေးချေမှုပုံစံတွေကို နားလည်သိရှိရန်ကလည်း အရေးကြီးပါတယ်။ ကျွန်မတို့အနေနဲ့ ဒီလေ့လာဆန်းစစ်ချက်တွေ ကနေ တွေ့ရှိချက်တွေကို မျှဝေနိုင်တဲ့ အခွင့်ထူးအတွက် များစွာဝမ်းမြောက်မိပြီး လေ့လာဆန်းစစ်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ လူမှုရေးတိုးတက်မှုကို ဦးတည်စေမယ့် အတွေးအခေါ်အသစ်တွေ၊ အချက်အလက်အသစ်တွေ ဆက်လက်ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Lillian Wang က နိဂုံးချုပ် ထပ်မံပြောကြားခဲ့သည်။

နည်းပဉဒေသ ။ ။ Visa မှ “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက်ကို Visa ကိုယ်စား ENGINE insights မှ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ၂၀၁၉ သြဂုတ်လတွင် စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာ နိုင်ငံ တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ လစဉ်ဝင်ငွေ အနည်းဆုံးကျပ် ၁၅၀,၀၀၀ ရရှိသော အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားရှိ ဖြေဆိုသူ ၅၁၅ ဦး အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံ (၇) နိုင်ငံမှ သုံးစွဲသူ စုစုပေါင်း ၅,၁၀၂ ဦးတို့ကို စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။

Visa အကြောင်း

Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခု ဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်း ပေးပို့နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင် လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ လူတိုင်း နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန် မလိုအပ်တော့သည့် အနာဂတ်တစ်ခု ရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ Visa နှင့် စပ်လျဉ်းသည့် ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ အတွက် About Visa, visa.com/blog နှင့် @VisaNews တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်သည်။

The post မြန်မာနိုင်ငံသား သုံးစွဲသူ ၄ ဦးတွင် ၃ ဦးသည် Contactless ကတ်များဖြင့် ငွေပေးချေမှုများ ပြုလုပ်ရန် စိတ်ဝင်စားကြ – Visa ၏ လေ့လာဆန်းစစ်ချက် appeared first on MyBiz Myanmar.