ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါး အသင်းကတော့ သူတို့အသင်းရဲ့ စတုတ္ထမြောက် လူအင်အား ဖြည့်တင်းမှု အဖြစ် အီတလီ စီးရီးအေ ကလပ် အင်တာမီလန် အသင်းရဲ့ နောက်ခံလူ ရှကီရီနာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ် လာခဲ့ကြောင်း သိရှိရပါတယ်။ ရှကီရီနာ ကို ခေါ်ယူဖို့ အတွက် စပါးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စတင် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ အင်တာမီလန် အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ် နိုင်တော့မယ့် အနေအထား အထိ ဆွေးနွေးမှုတွေဟာ တိုးတက် နေပြီ လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ လာကြပါတယ်။

Photo Credit: Talksport

အသက် ၂၅ နှစ် အရွယ် ဆလိုဗက်ကီးယား နောက်ခံလူ ရှကီရီနာဟာ စပါးအသင်း နည်းပြ ဖြစ်သူ မော်ရင်ဟိုရဲ့ စိတ်ကြိုက် နောက်ခံလူ တစ်ဦး ဖြစ်ပြီး မော်ရင်ဟိုဟာ ယခင် အသင်းဟောင်း ဖြစ်တဲ့ မန်ယူအသင်းမှာ ရှိနေစဉ်ထဲက ရှကီရီနာကို ခေါ်ယူဖို့ အတွက် ကြိုးစားခဲ့တာပါ။ ရှကီရီနာ ဟာ ​Ball Playing Defender တစ်ဦး ဖြစ်ပြီး ဗဟိုခံစစ်ရဲ့ ဘယ်ခြမ်းမှာရော ညာခြမ်းမှာပါ ကစားတတ်သူ တစ်ဦး ဖြစ်တာကြောင့် မော်ရင်ဟိုရဲ့ သဘောကျ နှစ်သက်မှုကို ခံနေရသူ ဖြစ်ကာ လက်ရှိ အချိန်မှာ ရှကီရီနာဟာ အင်တာမီလန် အသင်း ကနေ ထွက်ခွာပြီး အသင်းသစ် တစ်သင်းမှာ ကစားချင် နေတယ် လို့ နီးစပ်သူတွေရဲ့ အဆိုအရ သိရှိရပါတယ်။

Photo Credit: Talksport

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romano ရဲ့ အဆိုအရတော့ စပါးအသင်းဟာ ရှကီရီနာကို ခေါ်ယူဖို့ အတွက် အင်တာမီလန် အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ရှကီရီနာ အတွက် ယူရို ၅၀ သန်း ဝန်းကျင် သုံးစွဲဖို့ အသင့် ရှိနေကြောင်း သိထား ရပါတယ်။ ဒါပေမယ့် အင်တာမီလန် အသင်း ကတော့ ရှကီရီနာ အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၆၀ သန်း ဝန်းကျင် အထိ အလိုရှိနေပြီး လက်ရှိ မှာတော့ စပါးအသင်းဟာ အင်တာမီလန် အသင်း တောင်းဆိုထားတဲ့ ယူရို ၆၀ သန်းကို ပေးချေဖို့ အနည်းငယ် အခက်တွေ့နေတယ် လို့ လည်း Romano က ဆိုပါတယ်။ တစ်ဖက်မှာတော့ အင်တာမီလန် အသင်းဟာ စပါးအသင်း မှာ မော်ရင်ဟိုနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်လူ အန်ဒွန်ဘီလီကို ခေါ်ယူချင် နေတာကြောင့် ရှကီရီနာနဲ့ အန်ဒွန်ဘီလီ တို့ကို တိုက်ရိုက် အလဲအထပ်လည်း ပြုလုပ် နိုင်ချေ ရှိပါတယ်။

The post အင်တာမီလန် နောက်ခံလူ ရှကီရီနာ ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ စပါး appeared first on MySport Myanmar.