ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ တော့တင်ဟမ်ဟော့ စပါးအသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန်နဲ့ တောင်ပံတိုက်စစ် ကစားသမား ဂါရတ်ဘေးလ်တို့ကို ခေါ်ယူဖို့အတွက် အလုံးစုံ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ စပါးအသင်းဟာ အသက် ၂၃နှစ် အရွယ် စပိန် ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို ပြောင်းရွှေ့ကြေး ယူရို ၃၀ သန်းနဲ့ အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ရီးရဲလ် မက်ဒရစ်အသင်း အနေနဲ့ ရယ်ဂီလွန်ကို တစ်ချိန် မှာ ပြန်လည် ခေါ်ယူခွင့်ရှိတယ် ဆိုတဲ့ သဘောတူညီချက် မပါဝင်ပဲ ရယ်ဂီလွန်ကို ရောင်းချချိန်မှာ ရီးရဲလ်မက်ဒရစ် အသင်းကို ပထမဦးဆုံး ဝယ်ယူခွင့် ပေးမယ် ဆိုတဲ့ အချက်သာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Marca

တစ်ဖက်မှာတော့ စပါးအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်အသင်းထံ ကနေ တစ်ရာသီ အငှားစာချုပ် + ရာသီကုန်မှာ အပြီးသတ် ဝယ်ယူခွင့် နဲ့ ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် ၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝေးလ်လက်ရွေးစင် ကစားသမား ဘေးလ်ဟာ စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၁ သန်းနဲ့ ပြောင်းရွှေ့သွားသူ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ စပါးပရိသတ်တွေရဲ့ အနှစ်သက်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေဆဲပါ။

Photo Credit: Marca

အထူးသဖြင့် စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုဟာ ဂါရတ်ဘေးလ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနှစ်ခြိုက်သူ ဖြစ်ပြီး ယခင် အသင်းဟောင်း ဖြစ်တဲ့ မန်ယူအသင်းမှာ ရှိစဉ်ကတည်းက ဘေးလ်ကို ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ Daily Mail သတင်းဌာနရဲ့ အဆိုအရတော့ စပါးအသင်းဟာ ဂါရတ်ဘေးလ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရခဲ့ပြီး ဂါရတ်ဘေးလ်ရဲ့ လုပ်ခလစာ ဖြစ်တဲ့ တစ်နှစ်လုပ်ခ ယူရို ၁၇ သန်းမှာ စပါးအသင်းဟာ ယူရို ၁၃ သန်းကို ပေးချေရမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်း ကတော့ ယူရို ၄သန်းကို ပေးချေရမှာ ဖြစ်တယ် လို့ သိရှိရပါတယ်။ ဂါရတ်ဘေးလ်နဲ့ ရယ်ဂီလွန်တို့ နှစ်ဦးစလုံးမှာ ထိပ်တန်း အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာကြောင့် စပါးအသင်းရဲ့ လူစာရင်းဟာ ပိုမို တောင့်တင်းလာမှာ ဖြစ်ကာ စပါးအသင်းအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ဘယ်လိုခြေစွမ်းကောင်းတွေ ထုတ်ပြသွားမလဲဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။

The post ဘေးလ်နဲ့ ရယ်ဂီလွန်ကို ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရသွားပြီ ဖြစ်တဲ့ စပါး appeared first on MySport Myanmar.