ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ သူတို့အသင်းရဲ့ ယခုနှစ်ရာသီ ပထမဦးဆုံး နွေရာသီ ခေါ်ယူမှုအဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက် ဆောက်သမ်တန်အသင်းရဲ့ ကွင်းလယ်လူ ဟော့ဘ်ဂျက်ကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ စပါးအသင်းဟာ ဟော့ဘ်ဂျက်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတာဟာ အချိန် အနည်းငယ် ကြာမြင့်နေပြီ ဖြစ်ပြီး လက်ရှိမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းဝန်းကျင် ပမာဏနဲ့ ဟော့ဘ်ဂျက်ကို ခေါ်ယူဖို့ ဆောက်သမ်တန်အသင်းနဲ့ သဘောတူညီမှုရဖို့ အလွန်အမင်း နီးစပ်နေပြီလို့ လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

Photo Credit: Sky Sports

စပါးအသင်းဟာ လက်ရှိမှာ အန်ဒွန်ဘီလီ ၊ ဆစ်ဆိုကို ၊ ဟယ်ရီဝင့်ခ် ၊ အလီ ၊ ဒိုင်ယာ ၊ လိုဆယ်ဆို စတဲ့ ကွင်းလယ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ကွင်းလယ်အထိုင်နေရာမှာ ကစားနိုင်တဲ့ ကစားသမားအဖြစ် ဟယ်ရီဝင့်ခ်နဲ့ အန်ဒွန်ဘီလီတို့ နှစ်ဦးတည်းသာ ရှိနေကာ အန်ဒွန်ဘီလီဟာလည်း နည်းပြဖြစ်သူ မော်ရင်ဟိုနဲ့ ဆက်ဆံရေး မပြေလည်တာကြောင့် လက်ရှိ နွေအပြောင်းအရွှေ့မှာ ထွက်ခွာနိုင်ချေ ရှိပါတယ်။ ဒါ့ကြောင့်လည်း မော်ရင်ဟိုဟာ အသင်းရဲ့ ကွင်းလယ်အထိုင် နေရာမှာ ဟယ်ရီဝင့်ခ်နဲ့အတူ တွဲဖက် ကစားပေးနိုင်မယ့် ကွင်းလယ်လူ တစ်ဦး ကို ရှာဖွေနေခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာတော့ အသက်၂၄နှစ်အရွယ် ဒိန်းမတ်သား ဟော့ဘ်ဂျက် ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Sky Sports

အသက်၂၄နှစ်အရွယ် ဒိန်းမတ်နိုင်ငံသား ဖြစ်တဲ့ ဟော့ဘ်ဂျက်ဟာ ပရီးမီးယားလိဂ်မှာ နှစ်အတော်ကြာအောင် ကစားခဲ့ဖူးသလို ဆောက်သမ်တန်အသင်းနဲ့ အတူ ပြသထားနိုင်ခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းတွေဟာ အတော်လေး အားရကျေနပ်ဖို့ ကောင်းပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ အဆိုအရတော့ စပါးအသင်းဟာ ဟော့ဘ်ဂျက်အတွက် ဆောက်သမ်တန်အသင်း ကို ပြောင်းရွှေ့ကြေး ပေါင်၁၅သန်းဝန်းကျင် ပေးချေရမှာ ဖြစ်ကာ အပြောင်းအရွှေ့ဟာ မကြာမီမှာပဲ အပြီးသတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ စပါးအသင်းရဲ့ အစွန်နောက်ခံလူ ဝေါ်ကာပီတာဟာလည်း ဆောက်သမ်တန်အသင်း ထံကို ပြောင်းရွှေ့ကြေး ပေါင် ၁၂သန်း နဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရှိရပါတယ်။

The post ဆောက်သမ်တန် ကွင်းလယ်လူ ဟော့ဘ်ဂျက် ကိုပေါင်၁၅သန်းနဲ့ ခေါ်ယူနိုင်တော့မယ့် စပါး appeared first on MySport Myanmar.