မန်ယူအသင်းရဲ့ ဘယ်နောက်ခံလူ လုရှော့ကတော့ လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ်လူ ဗန်ဒီဘီကိုပဲ ခေါ်ယူနိုင်ခဲ့တာကို မလုံလောက်ဘူးလို့ ယူဆပြီး လက်ရှိ အသင်းကို အားဖြည့်ဖို့ ကစားသမားသစ်တွေ နောက်ထပ် ခေါ်ယူရလိမ့်မယ်လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ပဲလေ့စ်အသင်းနဲ့ ကစားသွားခဲ့တဲ့ သူတို့ရဲ့ လက်ရှိရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ လိုအပ်ချက်တွေ များနေခဲ့တာ ဖြစ်ပြီး ဂိုးပေါက်တည့် ကန်သွင်းမှု (၄) ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ (၃-၁) ရလဒ်နဲ့ ရှုံးခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ဗဟိုခံစစ်မှူး၊ ညာတောင်ပံ နဲ့ အထောင် တိုက်စစ်မှူး ခေါ်ယူဖို့ လိုအပ်တယ်လို့ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းတွေရဲ့ ထောက်ပြမှုကို ခံခဲ့ရတာ ဖြစ်ပေမယ့်လည်း ခေါ်ယူခြင်း မရှိခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ ကွင်းလယ်လူ ဗန်ဒီဘီကို အေဂျက်အသင်းကနေ ခေါ်ယူခဲ့ပါတယ်။ လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်ဟာ လာမယ့် အောက်တိုဘာလ (၅) ရက်နေ့၊ ပိတ်မှာ ဖြစ်တာကြောင့် မန်ယူအသင်းအနေနဲ့ အလျှင်အမြန် လှုပ်ရှားဖို့ လိုအပ်ပြီး မန်ယူအသင်းရဲ့ နောက်ခံ ကစားသမား လုရှော့ကတော့ ကစားသမားသစ်တွေ ခေါ်ယူရလိမ့်မယ်လို့ တိုက်တွန်းခဲ့ပါတယ်။

Photo Credit: Goal

TV2 သတင်းမှာ နောက်ခံလူ လုရှော့က “ကျွန်တော်တို့မှာ အလွန် ကောင်းတဲ့ အဖွဲ့တွေ ရှိပါတယ်။ ဒါပေမယ့် တစ်ဦးတည်း အမြင်ပြောရမယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ အသင်းကို အားဖြည့်နိုင်ဖို့အတွက် ကစားသမားသစ်တွေ နောက်ထပ် လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ခေါ်ယူမှု အသစ်က တိုးတတ်မှုကို ပေးနိုင်ပါတယ်။ အခြားအသင်းတွေက သူတို့ရဲ့ အသင်းကို အားဖြည့်နေကြတာတွေ ကြည့်မယ် ဆိုရင် ကျွန်တော်တို့အနေနဲ့လည်း အခြားအသင်းတွေလို အားဖြည့်ဖို့ လုပ်ကို လုပ်ရပါမယ်။ ပဲလေ့စ်နဲ့ ပွဲစဉ်မှာ အရာအားလုံး လွဲခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်အရဆိုရင်တော့ ကျွန်တော်တို့ ရရှိခဲ့တဲ့ ရာသီကြို ပွဲစဉ်က ဖြစ်သင့်တဲ့ နည်းလမ်း မဟုတ်ပါဘူး။  ကျွန်တော်တို့ လိုအချင်တဲ့ ပုံစံအတိုင်း မပြင်ဆင်နိုင်ခဲ့ပါဘူး။ ဒီဟာက ဆင်ခြေမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ကျွန်တော်တို့မှာ ဒီလိုပွဲစဉ်မျိုးကို အနိုင်ရနိုင်အောင် အရည်အချင်း ရှိတဲ့ ကစားသမားတွေ ရှိနေကြပါတယ်”လို့ ပြောခဲ့ပါတယ်။

The post လက်ရှိ မန်ယူအသင်းကို အားဖြည့်ဖို့ ကစားသမားသစ်တွေ နောက်ထပ် ခေါ်ယူရလိမ့်မယ်လို့ တိုက်တွန်းလိုက်တဲ့ နောက်ခံလူ လုရှော့ appeared first on MySport Myanmar.