ပီအက်စ်ဂျီ ကွင်းလယ်လူ ဆာရာဘီးယားဟာ မနေ့ညက လိုင်ယွန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ရပြီး ပြင်သစ်လိဂ်ဖလား (Coupe de La Ligue) ကို ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ် ပွဲစဉ်ကို ကစားဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ Canal+ Sport မှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ သာမန် ပွဲကစားချိန် မိနစ် (၉၀) အတွင်း သရေကျပြီး နာကျင်အချိန်ပို ဆက်ကစားရမှာလည်း သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ လိုင်ယွန်အသင်းကို အနိုင်ရရှိသွားပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီအသင်းဟာ မနေ့ည ပွဲစဉ်မှာ ပြင်သစ်လိဂ်ဖလားကို ရရှိခဲ့တာကြောင့် လက်ရှိရာသီ (၁) ရာသီအတွင်းမှာ ပြည်တွင်းဖလား (၄) ခုမြောက်ကို ရရှိသွားခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လက်ရှိအချိန်အထိ ချန်ပီယံလိဂ် ဆုဖလား ရရှိနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ အတ္တလန်တာအသင်းနဲ့ ရှုံးထွက် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ကွင်းလယ်လူ ဆာရာဘီယားကတော့ လက်ရှိရာသီမှာ (၄) ခုမြောက် ဆုဖလားကို ရရှိပြီးနောက် ချန်ပီယံလိဂ် ပွဲစဉ်အတွက် အဆင်သင့်ပါလို့ ပြောကြားသွားပါတယ်။

Photo Credit: Goal

Canal+ Sport မှာ ဆာရာဘီယားက “ဒီပွဲစဉ်က တကယ့်ကို ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီရာသီမှာ ဆုဖလား (၄) ခု ရရှိခဲ့တယ် ဆိုတာဟာ အမှန်ပါပဲ။ ဒီနိုင်ပွဲက ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် နဲ့ ကောင်းမွန်တဲ့ စည်းချက်တွေကို ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ကို ယုံကြည်မှု ပေးခဲ့ပါတယ်။ အသင်းထဲမှာ ကြီးမားတဲ့ ယုံကြည်မှုတွေ ရှိနေပါပြီ။ အခု ကျွန်တော်တို့ အတ္တလန်တာအသင်းနဲ့ ကစားသွားမယ့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် ရုပ်ပိုင်း ကြံခိုင်မှုအရ အဆင်သင့် ဖြစ်နေပါပြီ”လို့ ပြောသွားခဲ့ပါတယ်။ နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီအသင်းဟာ ဒဏ်ရာရနေတဲ့ အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဖြစ်သူ အမ်ဘာပေ မပါဘဲ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် ကစားသွားရဖွယ် ရှိပြီး လက်ရှိရာသီမှာ ဆုဖလား (၅) ခု ရရှိနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေကြတာပဲ ဖြစ်ပါတယ်။

The post ပြည်တွင်းဖလား (၄) ခု ရရှိပြီးနောက် ချန်ပီယံလိဂ် ပွဲစဉ်အတွက် အဆင်သင့်ပါလို့ ပြောလိုက်တဲ့ ဆာရာဘီးယား appeared first on MySport Myanmar.