အမြဲတမ်းလိုလို အနာဂတ်လှုပ်ခတ်နေလေ့ရှိတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာအနေနဲ့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားဖို့ သေချာလို့နေပေမယ့်လည်း သူနဲဲ့သတင်းထွက်လို့နေတဲ့ အသင်းတွေထဲကမှ တစ်သင်းဖြစ်တဲဲ့ အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့ဖို့ကိုတော့ ကစားသမားဘက်ကနေ မတွေးတောထားဘူးလို့ ပေါ့ဘာရဲ့အေးဂျင့်ဖြစ်တဲ့ မီနီရွိုင်အိုလာက အေစီမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲဲ့ ကိုပါအီတလီယာပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုလာခဲဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ ဂျုဗင်တပ်စ်အသင်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းက သူရဲ့အကောင်းဆုံးသော ခြေစွမ်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာတော့ သူရဲ့Form ကို အကောင်းဆုံးအနေအထားတစ်ခုမှာ ထိန်းမထားနိုင်ခဲ့ပဲ ခြေစွမ်းတည်ငြိမ်မှုရော အနာဂတ်ကိစ္စရပ်တွေမှာပါ တည်ငြိမ်မှု အားနည်းနေခဲ့ရပါတယ်။ အခုလည်း ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်အသင်းအပြင် အသင်းဟောင်းဂျုဗင်တပ်စ်ကလည်း ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေပေမယ့်လည်း ပေါ့ဘာကတော့ အသင်းဟောင်းကို ပြန်သွားဖို့အတွက် ဆန္ဒရှိနေမှာမဟုတ်ဘူးလို့ အေးဂျင့်ရွိုင်အိုလာက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ရွိင်အိုလာက “ပေါ့ဘာအတွက် အီတလီက သူရဲ့အိမ်လိုနေရာမျိုး ဖြစ်နေမှာပါ။ လောလောဆယ်မှာတော့ သူအနေနဲ့ ဂျုဗင်တပ်စ်ကို ပြန်သွားဖို့အတွကက် ဆန္ဒရှိမှာ မဟုတ်ပါဘူး။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အေးဂျင့်ရွိုင်အိုလာက သူရဲ့ကစားသမားပေါ့ဘာဟာ အမြင့်ဆုံးအဆင့်တစ်ခုမှာပဲ ကစားချင်နေသူဖြစ်ပြီး သူရဲ့လက်ရှိအသင်း ယူနိုက်တက်မှာလည်း အခက်ခဲဆုံး အနေအထားတွေကနေ ရုန်းမထွက်နိုင်သေးတာကြောင့် အသင်းကနေ ထွက်ခွာချင်နေတာဖြစ်တယ်လို့လည်း ရှင်းပြသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းကနေတော့ ပေ့ါဘာလို ကစားသမားမျိုးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့်လည်း ကစားသမားကိုယ်တိုင်က အသင်းအတွက် ကစားပေးလိုစိတ်မရှိတာကြောင့် လာမယ့်နွေစျေးကွက်မှာ ပေါင်သန်း၁၅၀နဲ့ ရောင်းချသွားဖွယ်ရှိနေပါတယ်။

The post ပေါ့ဘာအနေနဲ့ ဂျုဗင်တပ်စ်ကို ပြန်သွားဖို့ ဆန္ဒမရှိဘူးလို့ အေးဂျင့်ဖြစ်သူပြောဆို appeared first on MySport Myanmar.