MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လက်စတာစီးတီးအသင်းဟာ ရိုးမားအသင်းရဲ့ တူရကီလက်ရွေးစင် ညာတောင်ပံတိုက်စစ်ကစားသမား အမ်ဒါကို တစ်ရာသီအငှားနဲ့ ခေါ်ယူသွားဖို့ အသင်းနှစ်သင်းကြားမှာ သဘောတူညီမှုတစ်ရပ် ရရှိနိုင်ခဲ့ပြီး အငှားစာချုပ်ပြည့်မြောက်သွားချိန်မှာလည်း ကစားသမားကို အပြီးသတ်ခေါ်ယူနိုင်ခွင့်ကိုပါ တစ်ပါတည်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာသွားတော့မယ့် ဝေးလ်စ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ အသင်းဟောင်းဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဟိုဆေးမော်ရင်ဟိုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ စပါးအသင်းဆီကို ပြန်လည်ရောက်လာဖို့က ပိုမိုနီးစပ်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဘေးလ်ကို ခေါ်ယူမှာမဟုတ်ဘူးလို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသင်းဂိုးပေါက်မှာ လက်စွမ်းပြကာကွယ်ပေးနိုင်မယ့် ဂိုးသမားတစ်ယောက်ကို အလိုရှိနေရာ ပြင်သစ်လီဂူးကလပ် ရင်းနက်စ်အသင်းရဲ့ ပြင်သစ်ဂိုးသမားအက်ဒွာမန်ဒီကို စိတ်ဝင်စားလာခဲ့တာကြောင့် ကမ်းလှမ်းခဲ့ရာ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်လာခဲ့ပေမယ့် ရင်းနက်စ်အသင်းဘက်ကနေ ချယ်လ်ဆီးနောက်ခံလူ တိုမော်ရီကို တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

တိုက်စစ်အားသန်တဲ့ တောင်ပံကစားသမားတစ်ယောက်ကို အားဖြည့်ခေါ်ယူသွားဖို့ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ မနှစ်က ဘောလုံးရာသီကမှ အတ္တလန်တာအသင်းနဲ့အတူ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ အသက်(၁၈)နှစ်အရွှယ်ရှိ ဆယ်ကျော်သက်တောင်ပံကစားသမားလေး အာမတ်ထရာအိုရေးကို ခေါ်ယူသွားဖို့ ချဉ်းကပ်လာခဲ့တယ်လို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း အကောင်းဆုံးကစားသမားအဖြစ် ပရိသတ်များက မဲပေးရွေးချယ်ခဲ့ကြရာ မဲပေါင်း(၅၁)%နဲ့ တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက ရွေးချယ်ခံခဲ့ရပြီး သူရဲ့နောက်မှာ အယ်ဖွန်ဆိုဒေးဗီစ်နဲ့ သောမတ်စ်မူလာတို့ကို ဒုတိယနေရာနဲ့ တတိယနေရာတွေနဲ့ အသီးသီးရွေးချယ်ခံခဲ့ရပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (17.9.2020) appeared first on MySport Myanmar.