MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီ အက်အေဖလားဗိုလ်လုပွဲစဥ်အတွင်းမှာ ချယ်လ်ဆီးအသင်းဘက်က အသင်းခေါင်းဆောင် အက်စ်ပလီကွယ်တာ ပူလီဆစ်နဲ့ ပတ်ဒရိုတို့ ဒဏ်ရာအသီးသီး ရရှိခဲ့လို့ ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲအတွက်ပါ စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်က အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီအတွက် ကစားသမားအင်အား တောင့်တင်းနေစေဖို့ ဒေါ့မွန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုနဲ့ အက်စတွန်ဗီလာအသင်းရဲ့ အသင်ခေါင်းဆောင် ဂျက်ဂရီးလစ်တို့(၂)ယောက်ကို အရခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ ဝက်ဖိုဒ့်အသင်းရဲ့ ကစားသမားများစွာကို ကလပ်အသင်းတွေက စိတ်ဝင်စားလျက်ရှိနေပြီး ကွင်းလယ်ကစားသမား ဒူကိုရီကို အာဆင်နယ်နဲ့အဲဗာတန်အသင်းတို့က အပြိုင်ပစ်မှတ်ထားလျက် ရှိနေကြသလို တိုက်စစ်ကစားသမား အစ်မိုင်လာဆားလ်ကိုလည်း ဝုလ်ဗ်အသင်းကနေ ခေါ်ယူသွားချင်နေပါတယ်။

အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီအက်အေဖလားဗိုလ်လုပွဲစဥ်အတွင်း ချယ်လ်ဆီးကွင်းလယ်ကစားသမား ကိုဗာဆစ်ကို နှစ်ဝါတစ်နီနဲ့ ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိိုင် အန်တိုနီတေလာကို လူမှုကွန်ယက်တွေပေါ်မှာ အပီအပြင်ဝေဖန်ထားကြပြီး အာဆင်နယ်ရဲ့အကောင်းဆုံးကစားသမားဆုကို အန်တိုနီတေလာ ရသင့်တယ်လို့တောင် လှောင်ပြောင်ခဲ့ကြပါတယ်။

နေရပ်ဘရာဇီးကနေ အသင်းရှိရာ စပိန်နိုင်ငံကို သတ်မှတ်ထားတဲ့ရက်အတွင်း ပြန်လာခြင်းမရှိတဲ့ ကွင်းလယ်ကစားသမား အာသာမယ်လိုရဲ့လုပ်ရက်နဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်း ဥက္ကဌဖြစ်သူ ဘာတိုမြူက အလွန်စိတ်ပျက်လျက်ရှိနေကာ အတော်လေးကို စည်းမဲ့ကမ်းမဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ လုပ်ရက်လို့ပါ ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (2.8.2020) appeared first on MySport Myanmar.