ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ အခုလို နာမည်ကျော် ဘောလုံးသမားတစ်ယောက်မဖြစ်ခင် ဘာစီလိုနာ လူငယ်အသင်းမှာ ကျင်လည်နေခဲ့ရစဉ်တုန်းက သူရဲ့အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်နဲ့အတူ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ ကြိုးပမ်းခံခဲ့ဖူးပြီး သူကိုယ်တိုင်ကလည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ အသင်းကနေ ထွက်ခွာသွားဖို့ ငြင်းဆန်ခဲ့တယ်လို့ မက်ဆီရဲ့အေးဂျင့်ဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

မက်ဆီရဲ့အေးဂျင့်ဟောင်းတစ်ဦးဖြစ်တဲ့ ဖာဘီယန်ဆိုလ်ဒီနီက “မက်ဆီက အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ ကြိုးပမ်းခံခဲ့ရဖူးပေမယ့် သူကတော့ ဘာစီလိုနာမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်အဲ့ဒီနေ့ကို မှတ်မိသေးတယ်။ အဲ့တုန်းက ဖာဘရီဂတ်စ်က အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့သလို မက်ဆီကိုလည်း အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပေမယ့် မက်ဆီကတော့ ပြောင်းရွှေ့ခဲ့ခြင်းမရှိခဲ့ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းက နည်းပြအာဆင်ဝင်းဂါးလက်ထက် ရော်နယ်ဒို မက်ဆီနဲ့ အီဗရာဟီမိုဗစ်တို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်ခဲ့ပါသေးတယ်။

Photo Credit : Goal

အာဆင်နယ်အသင်းအတွက် နိုင်ငံတကာက လူငယ်ခြေတတ် ကစားသမားငယ်လေးတွေကို ရှာဖွေပေးခဲ့ဖူးတဲ့ ကင်းထောက်ဟောင်းတစ်ဦးရဲ့ပြောဆိုချက်အရလည်း အသင်းနဲ့ မက်ဆီတို့ရဲ့အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လုနီးပါးအထိ ရောက်ရှိခဲ့ပေမယ့် အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ခက်ခဲမှုတွေများစွာ ရှိလာခဲ့တာကြောင့်သာ မခေါ်ယူခဲ့ဖြစ်တာလို့ သိရှိရပါတယ်။ ဒီလို အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာတစ်သင်းတည်းမှာပဲ ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ ပါဝင်ကစားပေးနိုင်ခဲ့ပြီး အသင်းအတွက် ဆုဖလားအောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို (၆)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားချင်နေပြီဖြစ်ပြီး သူရဲ့စာချုပ်လျော်ကြေးပမာဏက များပြားနေလွန်းလို့သာ အသင်းမှာ ဒီနှစ်တစ်ရာသီ ဆက်လက်ရှိနေမှာဖြစ်ပြီး အသင်းနဲ့စာချုပ်ကုန်ချိန်မှသာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိနေပါတယ်။ မက်ဆီကိုတော့ ဥရောပကလပ်အသင်းပေါင်းစုံကနေ အလိုရှိနေကြပြီး ဒီအသင်းတွေထဲကမှ သူရဲ့ဆရာဟောင်းဂွာဒီယိုလာရှိရာ မန်စီးတီးအသင်းဆီကို ရောက်ရှိလာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

The post ဖာဘရီဂတ်စ်နဲ့အတူ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့သေးတဲ့ မက်ဆီ appeared first on MySport Myanmar.