မန်ချက်စတာယူနိုက်တက်အသင်း အရမ်းကိုအောင်မြင်ခဲ့ချိန်တုန်းက အသင်းရဲ့ ဂန္တဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်နဲ့အတူ အသင်းကို အတူတူ ပူးပေါင်းကိုင်တွယ်ဖြစ်ခဲ့တဲ့ လက်ထောက်နည်းပြဟောင်း စတိဖ်မက္ကလာရင်က လက်ရှိယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ဟာ အထောင်တိုက်စစ်နေရာမှာ ပါဝင်ကစားဖို့ သင့်လျော်တဲ့သူမဟုတ်တာကြောင့် ယူနိုက်တက်နည်းပြတွေဘက်ကနေ မာစီယဲလ်ကို တိုက်စစ်မှာနေရာပြောင်းပြီးသား ကစားစေသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sport.net

ယူနိုက်တက်အသင်းကနေ လူကာကူထွက်ခွာသွားပြီးနောက်ပိုင်းမှာ ကျောနံပါတ်၉ကို No.9 Role လို့ ခေါ်ကြတဲ့ အထောင်တိုက်စစ်မှူးနေရာကိုပါ ရရှိလာခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးအန်တိုနီမာစီယဲလ်က သူကစားနေကြ နေရာမဟုတ်တာကြောင့် ယခင်ကလို သွင်းဂိုးများစွာရအောင် ရုန်းကန်နေရခဲ့ရသလို သူနဲ့တွဲဖက်ကစားနေကြ မားကပ်ရပ်ဖိုဒ့် ဒဏ်ရာရသွားချိန်မှာလည်း အသင်းရဲ့သွင်းဂိုးတာဝန်တွေကို သူတစ်ဦးတည်းကနေ ထမ်းဆောင်နေရတာမို့ မာစီယဲလ်အတွက် ခက်ခဲလို့နေပါတယ်။ မာစီယဲလ် အခုလို ရုန်းကန်နေရတာနဲ့ပတ်သက်ပြီး ယူနိုက်တက် လက်ထောက်နည်းပြဟောင်း စတိဖ်မက္ကလာရင်က “အန်တိုနီက ယူနိုက်တက်ရဲ့ကွင်းလယ်ပိုင်းကြောင့် သူအခုလို ရုန်းကန်နေရတာလို့ ထင်မိပါတယ်”

Photo Credit : Goal.com

“ပြီးတော့ ကစားသမားတွေကလည်း သူတို့နဲ့ အံ့ဝင်ခွင်ကျမဖြစ်နိုင်တဲ့ နေရာတွေမှာ ကစားနေကြရပါတယ်။ ကွင်းလယ်ကစားသမားတွေက ရွိုင်ကိန်းကြီးလို ကစားနိုင်တာမျိုး မမြင်ရသေးဘူး။ မာစီယဲလ်ကတော့ တိုက်စစ်မှူးစစ်စစ် မဟုတ်တဲ့အတွက်ကြောင့် အထောင်တိုက်စစ်နေရာမှာ မသုံးသင့်ဘူး။ သူရဲ့ဂိုးအများစုကလည်း ဘယ်ဘက်အခြမ်းကနေ သွင်းယူခဲ့တာချည်းပါပဲ။ သူအနေနဲ့ အဲ့ဒီ No.9 Role မှာ အဆင်ပြေအောင် ကစားနိုင်မှာ မဟုတ်ပါဘူး” လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။ အခုတော့ ယူနိုက်တက်အသင်းဟာ ရှန်ဟိုင်းရှင်ဟွာအသင်းရဲ့နိုင်ဂျီးရီးယားတိုက်စစ်ကစားသမား အီဂါလိုကို ခေါ်ယူထားနိုင်ခဲ့တဲ့အတွက် ရှေ့လာမယ့်ပွဲစဉ်တွေမှာတော့ အီဂါလိုကို အထောင်တိုက်စစ်နေရာမှာ အသုံးပြုလာနိုင်ပြီး မာစီယဲလ်ကိုတော့ သူ့အတွက် အကောင်းဆုံးနေရာဖြစ်တဲ့ ဘယ်တောင်ပံတိုက်စစ်အခြမ်းကို ပြောင်းလဲသုံးစွဲလာဖွယ်ရှိနေပါတယ်။

youtube.com/watch?v=8vkdEbUHRuI&t=14s

The post မာစီယဲလ်ကို အထောင်တိုက်စစ်မှူးအဖြစ် သုံးစွဲမရလို့ ယူနိုက်တက် လက်ထောက်နည်ပြဟောင်းဆို appeared first on MySport Myanmar.