ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မွန်အသင်းမှာ ကစားနေတဲ့ လူငယ် တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံး အနေအထားတစ်ခုကို ပိုင်ဆိုင် ထားတယ်လို့ သိရှိရပါတယ်။ မန်ယူအသင်း ဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ညာတောင်ပံ အတွက် ဆန်ချိုကို ခေါ်ယူဖို့ အားထည့်ကာ ကြိုးပမ်းနေတာဖြစ်ပြီး ဆန်ချိုကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကလည်း ကြိုးစားနေပေမယ့် ဂျာမဏီသတင်းစာတွေကတော့ ဆန်ချိုဟာ မန်ယူအသင်းထံကိုသာ ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားကြပါတယ်။

Photo Credit: Metro.com

အသက်၂၀အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ ယခုနှစ် ဘွန်ဒက်လီဂါဘောလုံးရာသီမှာ ဒေါ့မွန် အသင်းအတွက် ၂၃ပွဲပါဝင်ကစားပေးထားရာမှာ ၁၄ဂိုးသွင်းယူထားပြီး ၁၅ဂိုး ဖန်တီးပေးထားကာ ပျမ်းမျှ Rating ၇.၉၈အထိ ရှိကာ ပီအက်ဂျီ အသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေပြီးတဲ့နောက် အသက်၂၁နှစ်အောက် ကစားသမားတွေထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတဲ့ သူပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိမှာ ဆန်ချိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ဥရောပ ထိပ်သီးအသင်းတွေ အများအပြားရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အတက်ကြွဆုံးဖြစ်နေသလို ဒေါ့မွန်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ဆန္ဒရှိနေပြီး ဆန်ချိုကို ခေါ်ယူပြီးပါက ပေးအပ်မယ့် ကျောနံပါတ်ကိုပါ စီစဉ်ထားပြီးပြီလို့ သိရှိရပါတယ်။

Photo Credit: Metro.com

မန်ချက်စတာမြို့အခြေစိုက် သတင်းစာတွေရဲ့ ဖော်ပြချက်အရ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားနဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဝုဒ်ဝက် တို့ဟာ ဆန်ချိုရဲ့အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အမြင်တူနေကြကြောင်း သိရကာ သူတို့နှစ်ဦးစလုံးက ဆန်ချိုဟာ အသင်းမှာ စူပါစတား ကစားသမားဖြစ်လာမယ့်သူအဖြစ် ယုံကြည်လို့နေကြပါတယ်။ ဒါ့အပြင် ဆန်ချိုကို ခေါ်ယူပြီးပါက အသင်းရဲ့ ဂန္တဝင်ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၇ ကို ပေးအပ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ မန်ယူအသင်းရဲ့ ကျောနံပါတ် ၇ ဟာ ကျိန်စာသင့်ကျောနံပါတ် တစ်ခုအဖြစ် နာမည် ကြီးတဲ့ ကျောနံပါတ်ဖြစ်ပြီး စီရိုနယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်းမှာ ကျောနံပါတ်၇ကို ဖိအားကင်းကင်းနဲ့ ဝတ်ဆင်နိုင်ခဲ့သူ မရှိခဲ့ပဲ ဗလင်စီယာ ၊ ဒီပိုင်း ၊ ဒီမာရီယာတို့အားလုံးဟာ ကျောနံပါတ်၇ကို ဝတ်ဆင်ထားကြချိန်မှာ ပုံမှန်ခြေစွမ်းကောင်းတွေ ပျောက်ဆုံးခဲ့တာကြောင့် ဆန်ချိုကရော ကျောနံပါတ်၇ရဲ့ ဆက်ခံသူအသစ် ဖြစ်လာမလားဆိုတာဟာ စိတ်ဝင်စားစရာပါပဲ။

The post ဆန်ချိုကို ခေါ်ယူပြီးပါက ပေးအပ်မယ့် ကျောနံပါတ်ကို စီစဉ်ထားပြီးပြီဆိုတဲ့ မန်ယူအသင်း appeared first on MySport Myanmar.