မကြာခင်မှာ ပြန်လည်ယှဉ်ပြိုင်ကြတော့မယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်းအဆင့် ရှံးထွက်ပွဲတွေထဲကမှ စိတ်ဝင်စားဖွယ် ပွဲကောင်းတစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်ကို ယခင်က ကြားကွင်းတစ်ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ မန်စီးတီးရဲ့အယ်တီဟတ်ကွင်းမှာသာ ကျင်းပတော့မှာဖြစ်ပြီး ဒီလို ကျင်းပခွင့်ရှိပေမယ့် ပရိသတ်တွေ လာရောက်နိုင်တဲ့ အခြေအနေမဟုတ်လို့ မန်စီးတီးမှာ အိမ်ကွင်းအားသာချက်ရှိနေမှာ မဟုတ်ဘူးလို့ ရီးရဲလ်ကွင်းလယ်လူ ကတ်စ်မဲရိုးကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ရီးရဲလ်နဲ့ မန်စီးတီးအသင်းတို့ဟာ ဖေဖော်ဝါရီလတုန်းက ပထမအကျော့ပွဲစဉ်ကို မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဧည့်သည်မန်စီးတီးအသင်းက စတာလင်း ဂျေဆူးတို့ရဲ့သွင်းဂိုးနဲ့ အိမ်ရှင်အသင်းကို (၁)ဂိုး(၃)ဂိုးနဲ့ အနိုင်ရယူခဲ့ပါတယ်။ ဒီပွဲစဉ်က ကိုဗစ်မဖြစ်ခင်မှာ ကျင်းပခဲ့တာဖြစ်လို့ ပရိသတ်များစွာ လာရောက်အားပေးခွင့်ရခဲ့ပေမယ့် အခု မန်စီးတီးရဲ့အိမ်ကွင်း အယ်တီဟတ်မှာ ကျင်းပချိန်မှာတော့ ကိုဗစ်ကြောင့် ကွင်းပိတ်ကျင်းပရမှာဖြစ်လို့ မန်စီးတီးအသင်းအနေနဲ့ အိမ်ကွင်းအားသာချက် အပြည့်အဝပိုင်ဆိုင်ရဖို့က ခက်ခဲနေတာဖြစ်ပါတယ်။

Photo Credit : Goal

ဒီကိစ္စနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်စ်မဲရိုးက “ပရိသတ်မပါဝင်ရင် ပွဲတွေက အရင်ပွဲတွေနဲ့မတူတော့ပဲ ခြားနားမှုတွေ ဖြစ်လာတယ်။ ဒီပွဲက နှစ်သင်းလုံးအတွက် အရမ်းကို ခက်ခဲမယ့်ပွဲဖြစ်လာမှာဖြစ်သလို အရမ်းကောင်းတဲ့ပွဲလည်း ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်အသင်းပါ။ ကျွန်တော်တို့ဆီမှာ အခွင့်အရေးတွေ ရှိနေသေးတယ်ဆိုတာကို ကျွန်တော်တို့သိထားပါတယ်။ သူတို့က သူတို့ရဲ့ပရိသတ်တွေမပါပဲ ကစားရမှာဖြစ်လို့ ဒါက ကျွန်တော်တို့အသင်းအတွက် အားသာချက်လေး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားချင်း နည်းပြချင်း စွမ်းဆောင်ရည်တွေ အရည်အချင်းတွေကတော့ အတူတူပါပဲ။ နောက်ပြီး နှစ်သင်းလုံးအတွက် ခက်ခဲတဲ့ အနေအထားလည်း ဖြစ်နေမှာပါ။ သူတို့က တကယ့်ကို အသင်းကောင်းတစ်သင်းပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကတ်စ်မဲရိုးရဲ့အသင်းဖော် ရီးရဲလ်နောက်ခံလူဗာရန်းကလည်း သူတို့အသင်းအနေနဲ့ ပထမအကျော့မှာ ရှံးနိမ့်ထားခဲ့ပေမယ့် ဒုတိယအကျော့မှာ အိမ်ရှင်မန်စီးတီးအသင်းကို အကောင်းဆုံးကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ဆိ တတ်လှမ်းသွားဖို့ ယုံကြည်ချက်အပြည့်ရှိနေတယ်လို့လည်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

The post မန်စီးတီးအသင်းဆီမှာ အိမ်ကွင်းအားသာချက်ရှိမနေဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ကတ်စ်မဲရိုး appeared first on MySport Myanmar.