ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ဟာ အီတလီနိုင်ငံ အခြေစိုက် ဂျုဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ အီတလီ နိုင်ငံကူး လက်မှတ် စာမေးပွဲ၊ တစ်နည်းအားဖြင့် အီတလီ ဘာသာစကား ကျွမ်းကျင်မှု ဖြေဆိုတဲ့ အချိန်မှာ လိမ်လည် ဖြေခဲ့တယ်လို့ သတင်း ထွက်လာခဲ့တာကြောင့် လက်ရှိမှာ အီတလီရဲတွေက သူ့ကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်လာပါတယ်။ တိုက်စစ်မှူး ဆွာရက်စ်ဟာ ပြီးခဲ့တဲ့ အပတ်က အီတလီနိုင်ငံ၊ ပီရူဂီယာမြို့ကို သွားရောက်ပြီး ပီရူဂီယာ တက္ကသိုလ်မှာ အီတလီ စကား ကျွမ်းကျင်မှု ဖြေဆိုခဲ့ရာမှာ အောင်မြင်ခဲ့တာ ဖြစ်ပေမယ့် နည်းပြ ပီယာလိုရဲ့ ဂျုဗင်တပ်အသင်းကို အပြီးသတ် ပြောင်းရွှေ့ဖို့ ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

အီတလီ အခြေစိုက် သတင်းတွေက ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ဟာ အီတလီ ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲ မဖြေခင်မှာ မေးခွန်းတွေ အားလုံးကို ကြိုတင် ရရှိခဲ့သလိုအဖြေတွေ အားလုံးကို ကြိုတင် သိရှိခဲ့ပြီးနောက် စာမေးပွဲ ဖြေခဲ့တယ်လို့ အတိအကျ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ အီတလီ ရဲအရာရှိ တစ်ဦးက “ဆွာရက်စ်က အီတလီစာ တစ်လုံးမှ မပြောနိုင်ဘူး။ သူ ကြိယာကိုလည်း မသုံးတတ်ဘူး။ သတင်းထောက်တွေက သူ့ကို မေးမြန်းရင် သူ ပေါ်သွားလိမ့်မယ်။ သူက တစ်နှစ်မှာ ယူရို (၁၀) သန်းရမှာ ဆိုတော့ ဒီစာမေးပွဲကို အောင်ဖို့ လိုနေခဲ့ပါတယ်”လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

လက်ရှိမှာတော့ အီတလီရဲတွေဟာ တိုက်စစ်မှူး ဆွာရက်စ် စာမေးပွဲ ဖြေခဲ့တဲ့ ပီရူဂီယာ တက္ကသိုလ်ကနေ စာရွှက်စာတမ်းတွေကို ပြန်ကြည့်ဖို့ ယူကြမှာ ဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်စ်အနေနဲ့ အပြစ် ရှိတယ်လို့ သက်သေခိုင်လုံတယ် ဆိုရင် ကြီးမားတဲ့ ဥပဒေ ချိုးဖောက်မှုကို ကျူးလွန်မှု ဖြစ်သွားနိုင်ပါတယ်။ တိုက်စစ်မှူး ဆွာရက်စ်ဟာ ဂျုဗင်တပ်အသင်းကို ပြောင်းချင်ခဲ့ပေမယ့်လည်း လက်ရှိမှာ ဂျုဗင်တပ်အသင်းက တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ သေချာလျက် ရှိနေပြီ ဖြစ်တာကြောင့် တိုက်စစ်မှူး ဆွာရက်စ်အနေနဲ့ ဂျုဗင်တပ်အသင်းကို ပြောင်းဖို့ မဖြစ်နိုင်တော့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ဟာ ဂျုဗင်တပ်အသင်းကို ပြောင်းရွှေ့နိုင်ဖို့အတွက် အီတလီနိုင်ငံမှာ စာမေးပွဲ ဖြေခဲ့စဉ်က မသမာမှုတွေ အသုံးပြုခဲ့တယ်လို့ သတင်းတွေ ထွက်နေပြီး သူ့အပေါ် စွပ်စွဲမှုတွေ ခိုင်လုံတယ် ဆိုရင်တော့ ကြီးမားတဲ့ ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သတင်း ထွက်နေပါတယ်။

The post ဂျုဗင်တပ်အသင်းကို ပြောင်းဖို အီတလီနိုင်ငံကူး လက်မှတ် ဖြေဆိုစဉ်မှာ လိမ်လည်ဖြေဆိုခဲ့လို့ ရဲတွေရဲ့ စစ်ဆေးမှုကို ခံရမယ့် ဆွာရက်စ် appeared first on MySport Myanmar.