တချိန်တုန်းက ပရီးမီးယားလိဂ်မှာ ရှံးပွဲလုံးဝမရှိခဲ့ပဲ ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့စံချိန်မှတ်တမ်းကောင်းတစ်ခုကို လိုက်မှီနိုင်အောင် ကြိုးစားနေပြီး လိုက်မှီဖို့လည်း တဖြည်းဖြည်းနီးစပ်လာခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့မျှော်လင့်ချက်တွေကို ရိုက်ကျိုးခဲ့သူကတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ ဝက်ဖိုဒ့်အသင်းရဲ့တောင်ပံကစားသမား အစ္စမိုင်လာဆားလ်ဖြစ်ပြီး အခုတော့ လီဗာပူးလ်အသင်းက ဒီကစားသမားကို အသင်းဆီ ခေါ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Rousing the Kop

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်း ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အတွင်း ချန်ပီယံလောင်း လီဗာပူးလ်ကို Vicarage Road ကွင်းအတွင်းမှာ (၃)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ချိန်တုန်းက ဝက်ဖိုဒ့်အတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသခဲ့ပြီး သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဆီနီဂေါလက်ရွေးစင် တောင်ပံကစားသမား အစ္စမိုင်လာဆားလ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ လီဗာပူးလ်အသင်းပါ ပါဝင်လာခဲ့ကာ ကစားသမားရဲ့အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ Watford Observer ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Brila

ဝက်ဖိုဒ့်အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ပေမယ့် ဆားလ်ကတော့ သူရဲ့ပရီးမီးယားလိဂ် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ အထိုက်အလျေုာက် ခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ်အထိကို ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆားလ်ကို ဝုလ်ဗ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ကနေ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတာဖြစ်ပြီး သူတို့အသင်းတွေကနေ ထွက်ခွာဖွယ်ရှိနေကြတဲ့ ထရာအိုရေးနဲ့ ဇာဟာတို့နေရာတွေအတွက် ဆားလ်နဲ့ အစားထိုးချင်နေကြတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကလည်း သူတို့အသင်းရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသွားခဲ့ပြီး သူတို့အသင်းရဲ့အဓိက ကစားသမားဆာဒီယိုမာနေးနဲ့ အရင်းနှီးမိတ်ဆွေတွေဖြစ်နေတဲ့ အစ္စမိုင်လာဆားလ်ကို ခေါ်ယူချင်နေပြီး အသင်းရဲ့တိုက်စစ်အင်အားကို တိုးမြင့်ဖွယ်ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ နွေစျေးကွက်အတွင်းမှာ ကစားသမားခေါ်ယူမှုတွေ မပြုလုပ်နိုင်သေးသလို အသင်းရဲ့အဓိကပစ်မှတ်တွေဖြစ်တဲ့ တီမိုဝါနာ ထရာအိုရေးနဲ့ သီယာဂိုအယ်ကန်တာရာတို့ကို တစ်ယောက်မှ ခေါ်ယူနိုင်ခဲ့ခြင်း မရှိသေးတာကြောင့် အစ္စမိုင်လာဆားလ်က လီဗာပူးလ်ရဲ့ဒီနွေစျေးကွက်အတွင်း ပထမဆုံးခေါ်ယူမယ့် ကစားသမားတစ်ယောက်လည်း ဖြစ်လာနိုင်ပါတယ်။

The post ဒီရာသီရဲ့ပထမဆုံးသော လိဂ်ရှံးပွဲတွေ့အောင် လုပ်ဆောင်ထားခဲ့သူကို ခေါ်ယူသွားဖွယ်ရှိတဲ့ လီဗာပူးလ် appeared first on MySport Myanmar.