ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ် ကတော့ ယမန်နေ့ ၁၁ နာရီအချိန်မှာ ကစားခဲ့ရတဲ့ အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းက အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ရတာဟာ သူတို့အသင်းရဲ့ စွမ်းဆောင်ရည် မကောင်းတာကြောင့် ဖြစ်တယ် လို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ဝင်ဘလေကွင်းထဲမှာ ကစားခဲ့ရတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်နဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာတို့ရဲ့ နည်းပြဘဝမှာ ပထမဦးဆုံး ဆုဖလား ရရှိနိုင်မယ့် အခွင့်အရေး ဖြစ်တာကြောင့် နည်းပြနှစ်ဦးစလုံးဟာ အနိုင်ရရှိဖို့ အကောင်းဆုံး ကြိုးစား ပြင်ဆင် လာခဲ့ကြပြီး အာတီတာရဲ့ အာဆင်နယ်အသင်း ဟာ လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းကို နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ သူတို့အသင်းရဲ့ သမိုင်းတစ်လျှောက် ၁၄ကြိမ်မြောက် အက်ဖ်အေဖလားကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

အဆိုပါပွဲစဉ်မှာ ကွင်းလယ်ဒိုင် အန်တိုနီ တေလာရဲ့ ဆုံးဖြတ်ချက် တချို့ဟာ အနည်းငယ် စောဒကတက်ဖွယ်ရာ ရှိပေမယ့် လမ်းပတ် ကတော့ အာဆင်နယ်အသင်းကို ရှုံးနိမ့်ရတာဟာ သူတို့အသင်းရဲ့ ကစားပုံ ဆိုးရွားမှုကြောင့်သာ ဖြစ်တယ်လို့ ဆိုသွားပါတယ်။ ဝင်ဘလေနိုင်ပွဲမှာ အာဆင်နယ်အသင်း အတွက် အနိုင်ဂိုးတွေကို အူဘာမီယန်းက သွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်း အတွက် သွင်းဂိုးကိုတော့ ပူလီဆစ်က သွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အာဆင်နယ်အသင်းကို ရှုံးနိမ့်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်ပြီး လမ်းပတ်က ” ကျွန်တော်တို့ဟာ ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ကြပြီး ပွဲအစ ၁၀မိနစ် ၊ ၁၅ မိနစ်အတွင်းမှာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သလို အခွင့်အရေးတချို့လည်း ရခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ အသင်းဟာ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမယ့် အခြေအနေတစ်ခုကို ဖန်တီးခဲ့ပါတယ် ”

Photo Credit: Daily Mail

” ကျွန်တော်တို့ဟာ သွင်းဂိုးတစ်ဂိုးတည်းနဲ့ ရောင့်ရဲ တင်းတိမ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ အသင်းဟာ အတိုပေးလေးတွေနဲ့ အေးအေးဆေးဆေး ကစားကြတော့တာပါပဲ။ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်တစ်ခုမှာ အေးအေးဆေးဆေး ကစားလို့ မရပါဘူး။ ကျွန်တော်တို့ဟာ အာဆင်နယ်အသင်းကို ပြန်လာနိုင်ဖို့ အခွင့်အရေး ပေးမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အရာအားလုံးက ခက်ခဲသွားခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်ကို ရှုံးခဲ့တာဟာ ကျွန်တော်တို့ရဲ့ အမှားတွေနဲ့ အများကြီး သက်ဆိုင်ပါတယ် ” လ်ု့ ဝန်ခံပြောကြား သွားခဲ့ပါတယ်။

Photo Credit: Daily Mail

အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ လမ်းပတ်အတွက် တစ်ရာသီအတွင်း ဒုတိယမြောက် ဗိုလ်လုပွဲမှာ ရှုံးပွဲ ဖြစ်ခဲ့ပြီး လမ်းပတ်ဟာ ဥရောပ စူပါဖလား ဗိုလ်လုပွဲမှာ ကလော့ပ်ရဲ့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့သလို ယခုလည်း အာတီတာရဲ့ အာဆင်နယ်အသင်းကို အရေးနိမ့်ကာ အက်ဖ်အေဖလားကို လက်လွှတ်ခဲ့ ရပါတယ်။

The post အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းကို ဖွင့်ဟပြောပြခဲ့တဲ့ လမ်းပတ် appeared first on MySport Myanmar.