ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ လမ်းပတ် ကတော့ မနေ့ညက ကစားခဲ့တဲ့ လီဗာပူး အသင်းနဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တဲ့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ကီပါကို ဒဏ်ပေးသွားမှာ ဖြစ်ကြောင်း ပွဲအပြီး မှာ ပြောဆို သွားခဲ့ပါတယ်။ ချယ်လ်ဆီး အသင်း ဟာ လက်ရှိ နွေစျေးကွက်မှာ ကစားသမားသစ် ခေါ်ယူမှု များစွာ ကို ပြုလုပ် ထားတာကြောင့် ပရိသတ်တွေရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရပေမယ့် ယခုနှစ် ဘောလုံး ရာသီရဲ့ ပထမဦးဆုံး အိမ်ကွင်း ပွဲစဉ်မှာ တစ်ယောက်လျော့ အနေအထားနဲ့ လီဗာပူး အသင်းကို နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့ ရပါတယ်။

 

Photo Credit: Goal

ယခုနှစ် ဘောလုံး ရာသီရဲ့ ပထမဦးဆုံး အိမ်ကွင်း ပွဲစဉ် ဖြစ်တာကြောင့် လီဗာပူး အသင်းနဲ့ ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ရလဒ်ကောင်း တစ်ခု ရရှိဖို့ အစွမ်းကုန် ကြိုးစား ခဲ့ပေမယ့် ကြီးမားတဲ့ တစ်ဦးချင်းအမှား နှစ်ခုကြောင့် ရှုံးပွဲ ကြုံတွေ့ခဲ့ ရတာပါ။ ပထမ အမှားဟာ နောက်ခံလူ ခရစ္စတန်ဆန်ရဲ့ မလိုအပ်ပဲ ကစားပုံ ကြမ်းခဲ့တာကြောင့် ပွဲကနေ ထုတ်ပယ် ခံခဲ့ရတဲ့ ဖြစ်ရပ် ဖြစ်ပြီး ဒုတိယ အမှား ကတော့ ကီပါရဲ့ ဂိုးပေါက် ရှေ့မှာ လူပေးမှားခဲ့တဲ့ ဖြစ်ရပ်တို့ပဲ ဖြစ်ပါတယ်။ လီဗာပူး အသင်း အတွက် သွင်းဂိုးတွေ ကိုတော့ တိုက်စစ်မှူး မာနေး တစ်ဦးတည်းက ပွဲချိန် ၅၀ မိနစ်နဲ့ ၅၄ မိနစ်တို့်မှာ သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီး အသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ ပွဲချိန် ၇၅ မိနစ်မှာ ပင်နယ်တီ လွဲခဲ့ပါသေးတယ်။

Photo Credit: Goal

ချယ်လ်ဆီး အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ် ကတော့ ပွဲအပြီးမှာ ကီပါရဲ့ အခြေအနေကို ပြောပြသွားခဲ့ပြီး ကြီးမားတဲ့ အမှားကို ကျူးလွန် မိခဲ့တာကြောင့် ကီပါဟာ လာမယ့် ကြားရက် မှာ ကစားရမယ့် ကာရာဘောင်းဖလား ပွဲစဉ်မှာ ပွဲထွက်ခွင့် ရမှာ မဟုတ်ဘူး လို့ အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ ကီပါရဲ့ အမှားနဲ့ ပတ်သတ် ပြီး လမ်းပတ်က ” ဒါက သိသာတဲ့ အမှားတစ်ခုပါ။ ကီပါကလည်း သူမှားခဲ့တာကို လက်ခံ ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ် ကျူးလွန်မိခဲ့တဲ့ အမှားအတွက် တာဝန်ယူရဲတာကို သဘောကျပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အမှားတစ်ခု ကျူးလွန်မိတာ ဟာ ဖြစ်တတ်တဲ့ အရာမို့လို့ပါ။ ဒါပေမယ့် ဒါက အရမ်း ရှင်းလင်းတဲ့ အမှားတစ်ခု ဖြစ်နေပါတယ် ” လို့ ပြောကြား သွားပါတယ်။ ဒါ့အပြင် လမ်းပတ်က ကြားရက်မှာ ကစားရမယ့် ဘန်စလေနဲ့ ကာရာဘောင်း ဖလားပွဲမှာ အမှား ကျူးလွန်ခဲ့တဲ့ ကီပါဟာ ပွဲထွက်ခွင့်ရမှာ မဟုတ်ပဲ ကာဘယ်လာရိုကသာ အသင်းအတွက် ပါဝင် ကစားခွင့် ရမယ်လို့ အတည်ပြု သွားခဲ့ပါတယ်။

The post လီဗာပူးနဲ့ ပွဲမှာ ကျူးလွန်ခဲ့တဲ့ အမှားကြောင့် ကီပါကို ဒဏ်ပေးတော့မယ့် လမ်းပတ် appeared first on MySport Myanmar.