ရိုးမားအသင်းကတော့ မနှစ်ကဘောလုံးရာသီကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ အင်္ဂလန်နောက်ခံကစားသမား ခရစ်စမောလင်းကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားအားထုတ်လျက်ရှိနေရာ ယူနိုက်တက်ဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း တိုးမြှင့်ကမ်းလှမ်းနိုင်ခြင်းမရှိတဲ့အတွက် နောက်ဆုံးမှာတော့ စမောလင်းကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီး ဟဲလက်စ်ဗီရိုနာအသင်းရဲ့ လူငယ်နောက်ခံကစားသမားလေး မာရှက်စ်ကမ်ဘူလာကိုပဲ ပြောင်းလဲခေါ်ယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Sempreinter

အသက်(၃၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း နောက်ခံကစားသမား စမောလင်းဟာ ယူနိုက်တက်ကို ဟယ်ရီမက်ဂွိုင်းယား ရောက်ရှိလာချိန် ပုံမှန်ပွဲထွက်ခွင့်တွေ လျော့နည်းလာနိုင်တာကြောင့် ရိုးမားအသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ စမောလင်းဟာ သူတစ်ခါမှ မကျင်လည်ဖူးသေးတဲ့ အီတလီစီးရီးအေပြိုင်ပွဲမှာ အံ့ဝင်အောင် ကစားနိုင်ခဲ့ပြီး သူရဲ့ခံစစ်ကစားပုံထက်မြက်မှုအကြောင့် အီတလီရဲ့ဂန္တဝင်ခံစစ်မှူးကြီး မာလ်ဒီနီနဲ့ပါ ခိုင်းနှိုင်းခံခဲ့ရပါသေးတယ်။ ဒါကြောင့်လည်း ရိုးမားအသင်းဘက်ကနေ စမောလင်းကို အပြီးသတ်ခေါ်ယူဖို့အတွက် ကြိုးပမ်းလာခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအပိုင်းမှာ အဆင်မပြေခဲ့လို့သာ မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Sportslens

ယူနိုက်တက်အသင်းက သူတို့ရဲ့နောက်ခံကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀)ဝန်းကျင်သာ သတ်မှတ်ထားတာဖြစ်ပေမယ့် ရိုးမားဘက်ကနေ ဒီတန်ကြေးအတိုင်းကို ပေးချေသွားဖို့ ခက်ခဲနေခဲ့တဲ့အတွက် စျေးထပ်ဆစ်လာရာ ယူနိုက်တက်က လက်မခံခဲ့လို့ နောက်ဆုံးမှာတော့ ဗီရိုနာနောက်ခံလူ ကမ်ဘူလာကိုပဲ ပြောင်းလဲကမ်းလှမ်းခဲ့ရတာဖြစ်ပါတယ်။ ကမ်ဘူလာကတော့ အသက်(၂၀)အရွှယ်သာရှိသေးတဲ့ အရည်အသွေးမြင့် အီတလီ-အယ်ဘေးနီးယားနွယ်ဖွား နောက်ခံကစားသမားတစ်ယောက်ဖြစ်ပြီး ရိုးမားက ဒီကစားသမားလေးကို တစ်နှစ်လုပ်ခ ယူရို(၁.၅)သန်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ဒီတစ်ပတ်အတွင်းမှာပဲ တရားဝင်ထုတ်ပြန်ကြေညာသွားတော့မယ်လို့ သိရပါတယ်။ အခုလို ရိုးမားအသင်းနဲ့ အပြောင်းအရွှေ့မဖြစ်ခဲ့တဲ့ စမောလင်းကိုတော့ အီိတလီစီးရီးအေကလပ်အသင်းများစွာကနေ စိတ်ဝင်စားလျက်ရှိနေကြပြီး အီတလီနိုင်ငံက ထွက်ပေါ်လာခဲ့တဲ့ Source တစ်ခုမှာဆိုရင်လည်း အင်တာမီလန်အသင်းက သူတို့ရဲ့ခရိုအေးရှားတောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်နဲ့ စမောလင်းနဲ့ကို တိုက်ရိုက်အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းလာဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

The post စမောလင်းကို ခေါ်ယူဖို့ လက်လျှော့လိုက်တဲ့ ရိုးမားအသင်း ဗီရိုနာနောက်ခံလူကို အရခေါ်ယူနိုင်ခဲ့ appeared first on MySport Myanmar.