စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်း ကတော့ ပရီးမီးယားလိဂ် အသင်း တစ်သင်း ဖြစ်တဲ့ ဝုဗ်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ မက္ကဆီကို တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်စ်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်နေတယ်လို့ ဥရောပအခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit: Goal

ဂျူဗင်တပ်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဟီဂူအင် ၊ စီရိုနယ်ဒို ၊ ဒိုင်ဘာလာတို့လို ထိပ်တန်း တိုက်စစ်မှူးတွေကို ပိုင်ဆိုင် ထားပေမယ့် အသက်အရွယ် ရလာတဲ့ ဟီဂူအင်နဲ့ စီရိုနယ်ဒိုရဲ့ နေရာအတွက် အသက်အရွယ်အရ ရော လက်ရှိခြေစွမ်းအရပါ အကောင်းဆုံးပုံစံမှာ ရှိနေတဲ့ ဂျီမီနက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့လည်း အီတလီသတင်းစာတွေက ဖော်ပြ ထားကြပါတယ်။

Photo Credit: Goal

အသက်၂၉နှစ်အရွယ် မက္ကဆီကန် တိုက်စစ်မှူး ဂျီမီနက်စ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ဝုဗ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၃ပွဲ ပါဝင် ကစားပေးထားရာမှာ ၂၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁၀ဂိုး ဖန်တီး ပေးနိုင်ခဲ့သူပါ။ ဒါ့ကြောင့်လည်း ဂျီမီနက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရပြီး ဂျီမီနက်စ်အနေနဲ့လည်း သူ့ရဲ့ ကစားသမားဘဝ မကုန်ဆုံးမီမှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ကစားချင်တာကြောင့် ဝုဗ်အသင်းကနေ နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: Express

နာမည်ကြီးသတင်းဌာန တစ်ခုဖြစ်တဲ့ AS သတင်းဌာနရဲ့ အဆိုအရတော့ ဂျီမီနက်စ်ကို ခေါ်ယူဖို့အတွက် မန်ယူအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပေမယ့် ဂျူဗင်တပ်အသင်းကသာ ဂျီမီနက်စ်ကို အမှန်တကယ် ကမ်းလှမ်းမှု ပြုလုပ်ထားတဲ့ အသင်း ဖြစ်ပြီး ဂျီမီနက်စ် ကိုယ်တိုင်ကလည်း မန်ယူအသင်းထက် ဂျူဗင်တပ်အသင်းကိုသာ ရွေးချယ်ဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

Photo Credit: Express

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဂျူဗင်တပ်အသင်းဟာ ဂျီမီနက်စ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဝုဗ်အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၆၀ သန်းဝန်းကျင်ရှိတဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းထားကြောင်း သိရပြီး ဝုဗ်အသင်းဘက်ကတော့ ဂျီမီနက်စ်အတွက် ယူရို ၈၀သန်း ဝန်းကျင်အထိ အလိုရှိနေပါတယ်။ လက်ရှိမှာတော့ ဝုဗ်အသင်း ဟာ ဂျီမီနက်စ်ရဲ့ နေရာကို အစားထိုးမှုအဖြစ် ဘရာဂါအသင်းရဲ့ တိုက်စစ်မှူး ပေါ်လင်ဟိုကို ခေါ်ယူထားပြီးပြီ ဖြစ်တာကြောင့် ဂျီမီနက်စ်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဝုဗ်အသင်းကနေ ကျိန်းသေပေါက် ထွက်ခွာသွားမှာပဲ ဖြစ်ပါတယ်။

The post ဂျီမီနက်စ်ကို မန်ယူအသင်းထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်တော့မယ့် ဂျူဗင်တပ် appeared first on MySport Myanmar.