ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်တုန်းက တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နိုင်ဂျီရီးယားတိုက်စစ်ကစားသမား အိုဒီယွန်အီဂါလိုဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြကစားနိုင်ပြီး သွင်းဂိုး(၄)ဂိုးပါ သွင်းယူပေးနိုင်ခဲ့တဲ့အတွက် သူ့ကို ယူနိုက်တက်ဘက်ကနေ အငှားစာချုပ်ပြည့်သွားချိန်မှာတောင် အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်တဲ့အတွက် အငှားသက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ရာ အောင်မြင်သွားခဲ့လို့ အီဂါလိုအနေနဲ့ ယူနိုက်တက်မှာ ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့အထိ ဆက်လက်ရှိနေရတော့မှာဖြစ်ပါတယ်။

Photo Credit : Getty Image

အသက်(၃၀)အရွှယ်ရှိ ဝက်ဖိုဒ့်တိုက်စစ်မှူးဟောင်း အီဂါလိုဟာ သူငယ်စဉ်ကတည်းက အားပေးလာခဲ့ရတဲ့ ယူနိုက်တက်အသင်းမှာ ပါဝင်ကစားရဖို့က အမြဲတမ်းအိမ်မက်ထားရသူဖြစ်ပြီး ကစားခွင့်ရချိန်မှာလည်း အသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားရင်းနဲ့ သွင်းဂိုးတချို့ကိုပါ ရယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အီဂါလိုဟာ ယူနိုက်တက်အတွက် (၈)ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီးနောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြောင့် ဘောလုံးပွဲတွေကို ရပ်နားလိုက်ရတဲ့အတွက် ဘောလုံးဆက်ကစားရခြင်းမရှိတော့ပဲ သူရဲ့အငှားစာချုပ်ကလည်း ပြည့်သွားခဲ့တာဖြစ်လို့ ယူနိုက်တက်ဘက်ကနေ အလျင်အမြန်ပဲ အငှားသက်တမ်းကို တိုးမြှင့်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Getty Image

အခုလို ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် အီဂါလိုက “ကျွန်တော်အရမ်းကို ပျော်ရွှင်နေမိပါတယ်။ ဒီမှာရှိနေဖို့ဆိုတာ ကျွန်တော်ရဲ့ အိမ်မက်တစ်ခုပါပဲ။ အရမ်းပျော်နေရသလို အသင်းအတွက် ဆက်လက်တိုက်ပွဲဝင်သွားဖို့ အသင့်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ နည်းနည်းလေး ခက်ခဲနေခဲ့တာ အမှန်ပါပဲ။ အခုကတော့ အားလုံးအဆုံးသတ်သွားပြီဖြစ်လို့ အပြည့်အဝ အာရုံစိုက်ထားလို့ရပါပြီ။ ကျွန်တော် ဒီအသင်းမှာ ဇန်နဝါရီလ လကုန်ပိုင်းအထိကို ဆက်ရှိနေမှာဖြစ်လို့ ဒါ ကျွန်တော်အတွက် အရမ်းကောင်းပါတယ်။ ဒီအသင်းကို စတင်ရောက်ရှိတဲ့ နေ့ကတည်းက ကျွန်တော်ဒီအသင်းနဲ့ပဲ ဆက်လက်ခရီးဆက်ချင်နေတာပါ။ အခုတော့ အသင်းမှာ ဆက်လက်ရှိနေဖို့ တရားဝင်ဖြစ်သွားခဲ့ပြီဆိုတော့ အရမ်းပျော်ရွှင်ရပါတယ်။ အဲ့ဒီအတွက် ရှန်ဟိုင်းရှင်ဟွာအသင်းရဲ့ ဥက္ကဌနဲ့ ဒါရိုက်တာတို့ကို အထူးကျေးဇူးတင်မိပါတယ်။ သူတို့က ကျွန်တော်ဘာဖြစ်ချင်နေလဲဆိုတာကို ကောင်းကောင်းနားလည်နေတယ်။ အသင်းအတွက် အကောင်းဆုံးတွေဖြစ်လာဖို့လည်း ဆန္ဒပြုပါတယ်။ ယူနိုက်တက်ကို အမြင့်ဆုံးအခြေအနေရောက်လာအောင် ကျွန်တော်ကူညီပေးသွားပါမယ်” လို့ ထုတ်ဖော်ပြောဆိုလို့သွားပါတယ်။

The post ယူနိုက်တက်မှာ ဆက်လက်ရှိနေရတော့မယ့်အတွက် အလွန်ပျော်ရွှင်နေမိတယ်ဆိုတဲ့ အီဂါလို appeared first on MySport Myanmar.