အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ လီဗာပူး အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးကြီး ဟက်စကီးကတော့ အသင်းဟောင်း လီဗာပူး အသင်းရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ မန်ယူအသင်း ဟာ အက်စ်တွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ကို ခေါ်ယူသင့်ကြောင်းနဲ့ ဂရီးလစ်ဟာလည်း မန်ယူအသင်းကို ပြောင်းရွှေ့ ကစားသင့်တယ်လို့ အကြံပြုပြောကြားသွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အက်စ်တွန်ဗီလာ အသင်းကို စွဲစွဲမြဲမြဲ အားပေးခဲ့သလို အသက် ၁၅ နှစ်အရွယ်မှာကတည်းက အက်စ်တွန်ဗီလာအသင်းကို ရောက်ရှိနေခဲ့တဲ့ ဂရီးလစ်ဟာ အက်စ်တွန်ဗီလာအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ရောက်ရှိအောင် ဦးဆောင်နိုင်ခဲ့သလို လက်ရှိဘောလုံးရာသီမှာလည်း ဗီလာအသင်းကို ကာရာဘောင်းဖလားရဲ့ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့သူပါ။

Photo Credit: Standard.com

အသက် ၂၄နှစ်အရွယ် ဂရီးလစ်ဟာ လက်ရှိ ဘောလုံးရာသီမှာ အက်စ်တွန်ဗီလာအသင်း အတွက် ပရီးမီးယားလိဂ်မှာ ၂၆ပွဲ ပါဝင် ကစားထားခဲ့ပြီး ၇ဂိုးသွင်းယူထားနိုင်ကာ ၆ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပေမယ့် သူ့ရဲ့ အက်စ်တွန်ဗီလာ အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ၅ပွဲ ဆက်တိုက် ရှုံးပွဲတွေ ကြုံတွေ့ထားရသလို ပရီးမီးယားလိဂ်ကနေ တန်းဆင်းရဖို့အတွက်လည်း ရှိနေပါတယ်။ ဒါ့ကြောင့် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာတော့ ဂရီးလစ်ဟာ ဗီလာ အသင်းကနေ ထွက်ခွာဖို့ ရှိနေကာ ဗီလာအသင်းရဲ့ ပရိသတ်တွေကလည်း ဂရီးလစ်ကို ထိပ်တန်း အသင်းကြီးတစ်သင်းမှာ မြင်တွေ့လိုနေပါတယ်။ လက်ရှိအချိန်မှာတော့ မန်ယူအသင်းဟာ ဂရီးလစ်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်း ဖြစ်ပြီး ဂရီးလစ်ကလည်း မန်ယူအသင်းထံကို ပြောင်းရွှေ့ကစားဖို့ စိတ်ကူးနေသူပါ။

Photo Credit: Standard.com

အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး ဟက်စကီး ကတော့ မန်ယူအသင်းဟာ နေရာစုံမှာ ကစားတတ်သူ ဂရီးလစ်ကို ခေါ်ယူကာ ဖာနန်ဒက်နဲ့ ကွင်းလယ်မှာ တွဲပေးသင့်တယ်လို့ အကြံပြုစကား ပြောကြားသွားခဲ့ပါတယ်။ ဟက်စကီးက “ကျွန်တော်ကတော့ ဂရီးလစ်ဟာ မန်ယူအသင်း မှာ ခြေစွမ်းပြကစားနိုင်မယ်လို့ ထင်နေပါတယ်။ သူဟာ အမိန့်ပေးကစားတတ်တဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်ပြီး ဒါဟာ လတ်တလောမှာ မန်ယူအသင်း လိုအပ်နေတဲ့ အရာပါ။ လက်ရှိ မန်ယူအသင်းက ဖာနန်ဒက်ကို ပိုင်ဆိုင်ထားပေမယ့် အခြားတစ်ဖက်မှာတော့ ကွင်းလယ်လူတစ်ဦး လစ်လပ်နေပါသေးတယ်။ ဂရီးလစ်ဟာ အဲ့ဒီနေရာမှာ အကောင်းဆုံး ကစားနိုင်သူပါ။ ပြီးတော့ သူက နေရာစုံမှာ ကစားနိုင်စွမ်းရှိပါတယ်။ ဒီတော့ သူဟာ မန်ယူအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်မယ့်သူပါ ” လို့ သူ့ရဲ့အမြင်ကို ပြောပြသွားခဲ့ပါတယ်။

The post ဂရီးလစ်ကို မန်ယူအသင်းထံ ပြောင်းကစားဖို့ တိုက်တွန်းသွားခဲ့တဲ့ ဟက်စကီး appeared first on MySport Myanmar.