မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကတော့ အငှားနဲ့ သွားရောက်ကစားခဲ့ရတဲ့ ရှက်ဖီးယူနိုက်တက်အသင်းမှာ နှစ်ရာသီဆက်တိုက် လက်စွမ်းပြခဲ့ပြီးနောက် မူလအသင်း ယူနိုက်တက်ဆီကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့်လည်း သူ့ကို နည်းပြဆိုးလ်ရှားက အသင်းရဲ့ဦးစားပေးဂိုးသမားအဖြစ် သုံးစွဲခြင်းမရှိပဲ အရန်ဂိုးသမားအဖြစ်နဲ့သာ သတ်မှတ်နေမယ်ဆိုရင်တော့ အသင်းနဲ့ လမ်းခွဲရလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့ကြောင်း ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Armenian Reporter

အသက်(၂၃)နှစ်အရွှ့ယ်ရှိ အင်္ဂလန်ဂိုးသမားလေးဟန်ဒါဆန်ဟာ ရှက်ဖီးအသင်းမှာ အတော်လေးကို လက်စွမ်းပြနေသူဖြစ်ပြီး သူရဲ့ယူနိုက်တက်စီနီယာဂိုးသမား ဒေးဗစ်ဒီဂီယာထက်တောင် Clean Sheet အရေအတွက် ပိုမိုများပြားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒီဂီယာက ဂိုးဖမ်းရာမှာ အမှားအယွင်းများနေလို့ ဒင်းဟန်ဒါဆန်အနေနဲ့ ယူနိုက်တက်ရဲ့ဦးစားပေးဂိုးသမား ဖြစ်လာနိုင်ပေမယ့်လည်း ဒီဂီယာကိုလည်း အရန်ဂိုးသမားအဖြစ် အသုံးပြုဖို့ မလွယ်ကူတာကြောင့် ဂိုးသမားနှစ်ယောက်နဲ့ပတ်သက်ပြီး ယူနိုက်တက်အသင်းအတွက် ခေါင်းခဲစရာဖြစ်လာနိုင်ပါတယ်။

Photo Credit : Sheffield Post News

ရှက်ဖီးမှာ လက်စွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဒင်းဟန်ဒါဆန်ကို ယူနိုက်တက်ရဲ့အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းကနေ ခေါ်ယူသွားချင်နေပြီး ယူနိုက်တက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ဂိုးသမားလေးကို ရောင်းထုတ်သွားဖို့ လုံးဝဆန္ဒမရှိကြောင်း တုန့်ပြန်ထားပါတယ်။ ဒင်းဟန်ဒါဆန်ဟာ ယူနိုက်တက်အသင်းနဲ့ (၂)နှစ်သာ စာချုပ်ကျန်ရှိတော့တာဖြစ်လို့ ယူနိုက်တက်ဘက်ကနေ သူ့ကို နှစ်ရှည်စာချုပ်ချုပ်ဆိုသွားချင်ပေမယ့် ကစားသမားဘက်ကတော့ သူရဲ့အနာဂတ်ကို တိတိကျကျ သိရှိရမှသာ ယူနိုက်တက်နဲ့ သက်တမ်းတိုးဖို့ လက်ခံဖွယ်ရှိနေပါတယ်။ အသင်းကို ဒင်းဟန်ဒါဆန် ပြန်ရောက်လာခဲ့ပြီဖြစ်လို့ ဒုတိယဦးစားပေး ဂိုးသမားနေရာကနေ တတိယဦးစားပေးဂိုးအထိပါ ဖြစ်လာနိုင်တဲ့ ဝါရင့်အာဂျင်တီးနားဂိုးသမား ဆာဂျီယိုရိုမဲလ်ရိုးကလည်း ပွဲထွက်ခွင့်တွေ နည်းလာတော့မှာဖြစ်လို့ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေသလို အသင်းရဲ့အဓိကဂိုးသမားနှစ်ယောက်ရဲ့အနာဂတ်ကလည်း မရေမရာဖြစ်နေတာကြောင့် လက်စတာအသင်းရဲ့ဒိန်းမတ်ဂိုးသမားကတ်စပါရှမိုက်ကယ်ကို ယူနိုက်တက်ဘက်ကနေ ပစ်မှတ်ထားနေရတာဖြစ်ပါတယ်။

The post ပထမဦးစားပေးအဖြစ် သတ်မှတ်မခံရပါက အသင်းက ထွက်ခွာမယ်လို့ ဒင်းဟန်ဒါဆန် သတိပေး appeared first on MySport Myanmar.