ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်အသင်းတို့လို ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ခဲ့ပြီး လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းကို ကိုင်တွယ်နေတဲ့ ကမ္ဘာကျော်နည်းပြ ဂွာဒီယိုလာဟာ မန်စီးတီး အသင်းကနေ ထွက်ခွာပါက နိုင်ငံလက်ရွေးစင် အသင်းတစ်သင်းကို ကိုင်တွယ်ဖွယ်ရှိတယ်လို့ သူ့ရဲ့ အေးဂျင့်လည်းဖြစ် ၊ ညီအစ်ကိုလည်း ဖြစ်သူ ပီရီ ဂွာဒီယိုလာက ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။ အသက်၄၉နှစ်အရွယ် ပပ်ဂွာဒီယိုလာဟာ စွဲမက်ဖွယ်ရာကောင်းတဲ့ တိုက်စစ် အသားပေး ကစားဟန်ကို ရောက်လေရာ အသင်းတိုင်းမှာ ပုံဖော်တတ်သူ တစ်ဦး ဖြစ်ပြီး မန်စီးတီးအသင်းကနေသာ ထွက်ခွာဖြစ်ပါက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ထိပ်တန်း အသင်းတွေ အများအပြား ရှိလို့နေပါတယ်။

Photo Credit: Metro

ဒါပေမယ့် ပီရီဂွာဒီယိုလာရဲ့ အဆိုအရတော့ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ ၂၀၂၁ခုနှစ်အထိ စာချုပ်ပြည့်သွားတဲ့အချိန် မှာ နိုင်ငံအသင်းတစ်သင်းကို ကိုင်တွယ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဂွာဒီယိုလာဟာ သူ့ရဲ့ နည်းပြဘဝအစ ဖြစ်တဲ့ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့စဉ်မှာ ချန်ပီယံလိဂ်ဖလားနှစ်ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့သူဖြစ်ကာ ဘာစီလိုနာအသင်း ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့သွားချိန်မှာလည်း ပြည်တွင်းဖလားအကုန်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မန်စီးတီးအသင်းထံ ရောက်လာခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြည်တွင်းဖလားသုံးလုံး စလုံးကို ပထမဦးဆုံးအကြိမ် တစ်ပြိုင်နက်ထဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါ့ကြောင့်လည်း ဂွာဒီယိုလာကို လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတချို့က သုံးသပ်ထားကြသလို ဂွာဒီယိုလာကို ခေါ်ယူဖို့လည်း ဘာစီလိုနာ ၊ ပီအက်စ်ဂျီ ၊ အာဂျင်တီးနားလက်ရွေးစင်အသင်း ၊ စပိန်လက်ရွေးစင်အသင်းနဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။ ပီရီဂွာဒီယိုလာကတော့ ပပ်ဂွာဒီယိုလာရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ” ဘရာဇီးလ် လက်ရွေးစင်အသင်းဟာ သူတို့အသင်းရဲ့ ဆုဖလားတွေ အကုန်လုံးကို ဘရာဇီးလ်နည်းပြတွေနဲ့ပဲ အရယူထားတာပါ။ ခင်ဗျားရဲ့နိုင်ငံမှာ နည်းပြကောင်းတွေ ရှိနေရင် နိုင်ငံခြားသားနည်းပြကို မလိုအပ်ပါဘူး။ ပပ်(ဂွာဒီယိုလာ)ဟာ နိုင်ငံ လက်ရွေးစင်အသင်းတွေကို တစ်နေ့နေ့မှာ နည်းပြဖို့အတွက် အိမ်မက်ရှိတဲ့သူပါ။ ဒါပေမယ့် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့်သွားရမှာပါ။ အဲ့ဒီအချိန်ကျရင် ဘယ်လို ကမ်းလှမ်းမှုမျိုး ရောက်လာမလဲဆိုတာက အရေးကြီးပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ မဟုတ်သေးဘူးပေါ့ ” လို့ ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

The post အနာဂတ်မှာ နိုင်ငံလက်ရွေးစင်အသင်းတွေကို ကိုင်တွယ်သွားမယ့် ဂွာဒီယိုလာ appeared first on MySport Myanmar.