အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီက မနေ့ညက နူးကမ့်ကွင်းအတွင်း ဘာစီလိုနာအသင်းနဲ့ လာလီဂါပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေရစဉ်အတွင်း ဒီလိုအရေးပါလှတဲ့ ပွဲစဉ်မျိူးမှာ ဘာစီလိုနာအသင်းဘက်က ဒီရာသီအစမှာ သူတို့အသင်းကနေ ပြောင်းရွှေ့ကြေးပေါင်းများစွာနဲ့ ခေါ်ယူထားခဲ့တဲ့ အန်တိုနီယိုဂရစ်ဇ်မန်းလို ကစားသမားမျိုးကို ထုတ်သုံးလာခြင်းမရှိပဲ မိနစ်(၉၀)နားကပ်ချိန်လောက်မှသာ ဝင်ရောက်ကစားစေခဲ့တဲ့အတွက် ဂရစ်ဇ်မန်းရဲ့လက်ရှိအခြေအနေပေါ်မှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : AS English

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နွေစျေးကွက်ကမှ အသက်လက်တီကိုအသင်းကနေ ဘာစီလိုနာဆီကို ယူရိုသန်း(၁၂၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီမှာလည်း အသင်းအတွက် လာလီဂါ သွင်းဂိုး(၈)ဂိုးအထိ သွင်းယူထားနိုင်ပေမယ့် ဘာစီလိုနာအတွက် အသက်လက်တီကိုမှာ သူပြသခဲ့တဲ့ ခြေစွမ်းတွေလောက် ဘာစီလိုနာမှာ မပြသနိုင်သေးတဲ့အပြင် ဆယ်တာဗီဂိုနဲ့ အသက်လက်တီကိုအသင်းတွေကို သရေကျခဲ့တဲ့ပွဲတွေမှာပါ အရန်ကစားသမားအဖြစ်ပဲ ပါဝင်ခဲ့ရပြီး အသင်းဟောင်းအသက်လက်တီကိုနဲ့ပွဲမှာဆိုရင် ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာပဲ ပါဝင်ကစားခဲ့ရပါတယ်။

Photo Credit : FC Barcelona Noticias

ဂရစ်ဇ်မန်းဟာ အသက်လက်တီကိုအသင်းမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရဲ့အဓိက ကစားသမားအဖြစ်တောင် သတ်မှတ်ခံခဲ့ရပေမယ့် ဘာစီလိုနာမှာတော့ ရုန်းကန်နေရတဲ့အပေါ် သူရဲ့နည်းပြဟောင်းဆီမြွန်နီကိုယ်တိုင် အံ့အားသင့်ခဲ့ရပါတယ်။ ပွဲအပြီး အင်တာဗျူးမှာ ဆီမြွန်နီကို သူရဲ့ကစားသမားဟောင်းအကြောင်း မေးမြန်းလာခဲ့ရာ ဆီမြွန်နီက “ကျွန်တော့်မှာ ဒီအကြောင်းကိုပြောဖို့ စကားလုံးတောင် မရှိတော့ဘူး” လို့ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ မက်ဆီ ဆွာရက်ဇ်တို့နဲ့အတူ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှာ အကောင်းဆုံးကစားနိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့ရပေမယ့် မက်ဆီ ဆွာရက်ဇ်တို့ထက် သွင်းဂိုးပမာဏလည်း နည်းပါးခဲ့သလို နောက်ပိုင်းပွဲတွေမှာဆိုရင် ပွဲထွက်ခွင့်တွေပါ နည်းလာခဲ့ရပါတယ်။ ထွက်ပေါ်နေတဲ့ ကောလဟာလသတင်းတွေအရဆိုရင် ဘာစီလိုနာက ဂရစ်ဇ်မန်းကို အသင်းကနေတောင် ပြန်လည်ရောင်းချဖို့တောင် ပြင်ဆင်နေပြီး အင်တာမီလန်အသင်းရဲ့တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ခေါ်ယူရမှာပါ အပြောင်းအရွှေ့ရဲ့တစိတ်တပိုင်းအဖြစ်နဲ့တောင် အသုံးချလာနိုင်တယ်လို့ သိရှိရပါတယ်။

The post ဂရစ်ဇ်မန်းရဲ့ လက်ရှိအခြေအနေတွေကို နားမလည်နိုင်အောင် ဖြစ်နေရတဲ့ ဆီမြွန်နီ appeared first on MySport Myanmar.