စပါးအသင်းကတော့ သူတို့အသင်းဟောင်းဖြစ်တဲ့ ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေလျက်ရှိရာ အခုဆိုရင် ခေါ်ယူနိုင်ဖို့က အလွန်ကို နီးစပ်လျက်ရှိနေပြီဖြစ်သလို ဘေးလ်ကလည်း သူရဲ့အသင်းဟောင်းကို ပြန်လာဖို့ စိတ်အားထက်သန်လျက်ရှိနေပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့ရဲ့နောက်ဆက်တွဲအဖြစ် စပါးအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဒယ်လီအလီကိုပါ ရီးရဲလ်အသင်းဆီကို ပြန်လည်ပို့ဆောင်သွားဖို့ ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : GiveMeSport

အသက်(၃၁)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ အနာဂတ်လုံးဝမရေရာသူဖြစ်ပြီး အသင်းကလည်း သူ့ကိုရောင်းချသွားချင်နေသလို ဘေးလ်ရဲ့လစာကိုပါ ထက်ဝက်လောက် ဆက်လက်ပေးချေပြီး ရောင်းချသွားဖို့အထိတောင် ပြင်ဆင်လျက်ရှိနေပါတယ်။ ဒါကြောင့် အသင်းပြောင်းဖို့ သေချာနေတဲ့ ဘေးလ်ကို အသင်းဟောင်းစပါးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ အပြိုင်ကမ်းလှမ်းလို့နေပြီး လက်ရှိမှာ စပါးအသင်းက ဘေးလ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒီအပြောင်းအရွှေ့ တကယ်အထမြောက်လာဖို့အတွက် ဘေးလ်ရဲ့အေးဂျင့်နဲ့ စပါးအသင်းတို့က အသေအချာ ကြိုးပမ်းလျက်ရှိနေတဲ့အပြင် လတ်တလောမှာ စပါးရဲ့နည်းပြကြီး ဟိုဆေးမော်ရင်ဟိုနဲ့ အဆင်သိပ်မပြေလှတဲ့ ကွင်းလယ်ကစားသမားအလီကိုပါ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်လည်အငှားချသွားဖို့အထိပါ ပြင်ဆင်လာခဲ့တယ်လို့ Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။ စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူဒန်နီရယ်လီဗိုင်းကလည်း အသင်းဆီကို ကစားသမားဟောင်းဘေးလ် ရောက်လာနိုင်ဖို့အတွက် အရမ်းကို စိတ်ဆန္ဒပြင်းပြနေခဲ့တဲ့အပြင် ဘေးလ်ရောက်လာဖို့အတွက် အသင်းသားအလီကိုပါ ရီးရဲလ်မက်ဒရစ်ဆီ ပြန်လည်အငှားချသွားဖို့ပါ ဆုံးဖြတ်ထားတယ်လို့ ဗြိတိန်သတင်းစာ Telegraph ကနေ ဖော်ပြထားခဲ့ပါတယ်။ လက်ရှိမှာ စပါးအသင်းဟာ ရီးရဲလ်အသင်းရဲ့တောင်ပံကစားသမားဘေးလ်ကို ခေါ်ယူသွားဖို့ ကြိုးစားနေတဲ့အပြင် ရီးရဲလ်ဘယ်နောက်ခံကစားသမား ဆာဂျီအိုရယ်ဂီလွန်ကိုပါ ယူရိုသန်း(၃၀)နဲ့ ခေါ်ယူနိုင်ဖို့ပါ အခြေအနေအကောင်းဆုံးဖြစ်လာခဲ့ပြီး ရီးရဲလ်ဘက်ကနေ သတ်မှတ်ထားတဲ့ ပြန်လည်ခေါ်ယူခွင့်ကိုပါ စပါးဘက်က လက်ခံထားခဲ့တဲ့အတွက် မကြာခင်မှာပဲ ဘေးလ်ရော ရယ်ဂီလွန်ပါ စပါးအသင်းဆီ ရောက်ရှိလာနိုင်ပါတယ်။

The post ဘေးလ်ကို ပြန်လည်ခေါ်ယူသွားဖို့အတွက် အလီကို ရီးရဲလ်မက်ဒရစ်ဆီ ပို့ဆောင်ဖွယ်ရှိနေတဲ့ စပါး appeared first on MySport Myanmar.