ချဲလ်ဆီး နည်းပြ လမ်းပတ်က ရင်းနက်စ် အသင်းရဲ့ ဂိုးသမား မန်ဒီဟာ ချဲလ်ဆီးအသင်းနဲ့ ဆေးစစ်မှု ခံယူခဲ့ပြီ ဖြစ်ပြီး ဆေးစစ်မှု အဆင်ပြေပါက ချဲလ်ဆီးအသင်းရဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်လို့ ယနေ့၊ အင်္ဂါနေ့၊ ညနေပိုင်းမှာပဲ သတင်းထောက်တွေကို အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ အမှားတွေ များနေတဲ့ အသင်း ဂိုးသမား ကီပါရဲ့ နေရာမှာ ရင်းနက်စ် အသင်းရဲ့ ဂိုးသမား မန်ဒီကို အစားထိုး အသုံးပြုဖို့ ခေါ်ယူချင်နေတာ ဖြစ်ပြီး Skysports သတင်းက ချဲလ်ဆီးအသင်းဟာ မန်ဒီကို ပေါင် (၂၂) သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: Skysports

ချဲလ်ဆီးအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ကီပါဟာ လက်ရှိရာသီမှာ ချဲလ်ဆီးအသင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲစလုံးမှာ အမှား ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဘရိုက်တန်အသင်းကို (၃-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် နဲ့ လီဗာပူးလ်အသင်းကို (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်၊ (၂) ပွဲဆက် အမှား ပြုလုပ်ခဲ့ပါတယ်။ ချဲလ်ဆီး နည်းပြ လမ်းပတ်ဟာ လီဗာပူးလ်အသင်းကို (၂-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် အပြီးမှာ ဂိုးသမား ကီပါကို ရပ်တည်ပေးခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ မန်ဒီအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ဆေးစစ်မှု ခံယူခဲ့ပြီ ဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

Photo Credit: Skysports

မန်ဒီရဲ့ ဆေးစစ် ခံယူမှုနဲ့ ပက်သက်ပြီး ချဲလ်ဆီး နည်းပြ လမ်းပတ်က “ဟုတ်ပါတယ်။ မန်ဒီက ကျွန်တော်တို့ ပြောခဲ့သလို ဆေးစစ်မှု ခံယူခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီကိစ္စကသာ အဆင်ပြေသွားမယ် ဆိုရင် သူက ကျွန်တော်တို့ရဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်”လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမား (၈) ယောက်အထိ ခေါ်ယူခဲ့ပြီ ဖြစ်ပြီး ဂိုးသမား မန်ဒီကို ရင်းနက်စ်အသင်းကနေ ခေါ်ယူနိုင်မယ် ဆိုရင်တော့ မန်ဒီက လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းရဲ့ (၉) ယောက်မြောက် ခေါ်ယူမှု ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ မစခင်ကတည်းက ဂိုးသမား မန်ဒီကို ရင်းနက်စ်အသင်းကနေ ခေါ်ယူဖို့အတွက် ချိတ်ဆက်နေခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားဟောင်း၊ လက်ရှိ အားကစား ဒါရိုက်တာ ပီတာချက်က မန်ဒီကို ခေါ်ယူဖို့ အဓိက ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၈) နှစ်အရွယ်  ဂိုးသမား မန်ဒီဟာ ပြီးခဲ့တဲ့ ရာသီက ရင်းနက်စ်အသင်းအတွက် လီးဂူးဝမ်း ပွဲစဉ် (၂၄) ပွဲ ကစားခဲ့ရာမှာ ပေးဂိုးမရှိ ပွဲစဉ် (၉) ပွဲ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ ဆေးစစ်မှု အောင်မြင်သွားရင် မကြာခင်မှာ ချဲလ်ဆီး ကစားသမား ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

The post ဂိုးသမား မန်ဒီက ချဲလ်ဆီးအသင်းနဲ့ ဆေးစစ်မှု ခံယူခဲ့ပြီး ချဲလ်ဆီး ကစားသမား ဖြစ်လာနိုင်တယ်လို့ အတည်ပြုလိုက်တဲ့ လမ်းပတ် appeared first on MySport Myanmar.