လတ်တလော ကမ္ဘာအနှံအပြားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ အနည်းငယ်ကျဆင်းလာခဲ့ပေမယ့် တချို့နိုင်ငံတွေမှာတော့ ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး သေဆုံးမှုနှုန်းတွေ မြင့်တတ်လျက်ရှိနေပါတယ်။ ဒီဗိုင်းရပ်စ်ကြီးစတင်ဖြစ်ပွားချိန်တုန်းက နိုင်ငံအနှံအပြားမှာ အတော်လေး ဒုက္ခရောက်ခဲ့ရပြီး ဘောလုံးနယ်ပယ်မှာလည်း ဘောလုံးပွဲတွေကို ရပ်နားခဲ့ရသလို နာမည်ကျော်ဘောလုံးသမားတချို့ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရလို့ တစ်ယောက်တည်းသီးသန့်နေကာ ဆေးဝါးကုသမှုတွေကိုပါ ပြုလုပ်ကြရပါတယ်။

ပရီးမီးယားလိဂ် စီးရီးအေ လာလီဂါနဲ့ ဘွန်ဒက်လီဂါအစရှိတဲ့ ဥရောပရဲ့ ထိပ်သီးလိဂ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ ဘောလုံးသမားတွေကို စစ်ဆေးတွေ့ရှိခဲ့ပေမယ့် အားလုံးမြင်သာအောင် သတင်းထုတ်ပြန်ခဲ့ခြင်းမရှိတဲ့ ဘောလုံးအသင်းတွေလည်း ရှိလို့နေပြီး ဒီအသင်းတွေထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်လို့နေပါတယ်။ စပိန်သတင်းရေဒီယို RAC1 ရဲ့ ထုတ်ပြန်ချက်အရ ဘာစီလိုနာအသင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဘောလုံးသမား (၅)ယောက်ခန့် ရှိခဲ့ပေမယ့်လည်း အသင်းဘက်ကနေ ဒီအကြောင်းအရာတွေကို အများသိအောင် ထုတ်ပြန်ခြင်းမရှိပဲ သိုသိုသိပ်သိပ်နဲ့သာ ဆောင်ရွှက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီကူးစက်မှုဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့ပွားချိန်လောက်က စဖြစ်ခဲ့တာဖြစ်ပြီးတော့ ကစားသမား(၅)ယောက်နဲ့ နည်းပြအဖွဲ့ဝင်(၂)ယောက်တို့ဆီမှာ ပိုးကူးစက်နေတာကို သွေးစစ်ရင်းနဲ့ သိရှိခဲ့ရတာလို့ RAC1 ရေဒီယိုရဲ့ Tu Diras အစီအစဉ်မှာ ထုတ်ပြန်သွားခဲ့ပါတယ်။ ဒီကူးစက်ခံရသူအားလုံးဟာ ရောဂါလက္ခဏပြသခြင်းမရှိသလို လက်ရှိမှာလည်း အားလုံးကူးစက်ခံမှုကနေ ပြန်လည်ကောင်းမွန်သွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာဘက်ကတော့ အခုလို ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအပေါ်မှာ ဘာမှတ်ချက်မှမပေးခဲ့သလို ငြင်းဆန်ခဲ့ခြင်းလည်း မရှိပါဘူး။ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား လီယွန်နယ်မက်ဆီကတော့ ကိုရိုနာဗိုင်းရပ်စ်အလွန် ဘောလုံးပွဲတွေ ပြန်လည်စတင်ရချိန် ပြန်ရောက်လာခဲ့ရင်တောင် ဘောလုံးလောကက အရင်တုန်းကနဲ့ တူညီတော့မှာမဟုတ်ဘူးလို့ ကောက်ချက်ချပြောဆိုခဲ့ပါတယ်။ လတ်တလောမှာတော့ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲကို ပြန်လည်စတင်ဖို့ ရှိနေပြီးတော့ ဘာစီလိုနာအသင်းက လာမယ့်ဇွန်လ (၁၃)ရက်မှာ မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

The post ဘာစီလိုနာ ကစားသမား(၅)ဦးအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ appeared first on MySport Myanmar.