ဆာအဲလက်စ်ဖာဂူဆန်လို့ ဆိုလိုက်တာနဲ့ ပီကေလေး တဝါးဝါး ၊ အသင်းရှုံးနေရင် မျက်နှာကြီးနီပြီး နာရီကို ညွှန်ပြကာ သူ့ရဲ့အသင်းသားတွေကို ကြိမ်းမောင်းတတ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် နည်းပြကြီးဆိုတာကို အားလုံးလည်း သိရှိကြမှာပါ။ မန်ယူအသင်းမှာ ၂၆နှစ်တိုင်တိုင် နည်းပြအဖြစ် ရှိနေခဲ့ကာ မန်ယူအသင်းရဲ့ အအောင်မြင်ဆုံး အချိန်တွေကို ထုဆစ်ပုံဖော် ပေးနိုင်ခဲ့တဲ့ ဖာဂူဆန်ဟာ နည်းပြဘဝကနေ အနားယူသွားခဲ့​သူ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ ဘောလုံးလောကမှာ ဩဇာတိက္ကမ ကြီးမားသေးသူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဘောလုံး ဒဿနတွေ ၊ မန်ယူအသင်းကို ကိုင်တွယ်ခဲ့စဉ် အခါက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ရေးသားဖော်ပြထားတဲ့ စာအုပ်တွေလည်း အများကြီး ထွက်ရှိထားပါတယ်။ ဒီတစ်ခါမှာတော့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ မန်ယူနည်းပြ ဘဝမှာ ပွဲထွက်ခွင့် အများဆုံး ရခဲ့တဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အကောင်းဆုံးအသင်းအကြောင်းကို ဖော်ပြ ပေးသွားချင်ပါတယ်။

Photo Credit: Standard

ဖာဂူဆန်ဟာ စီရိုနယ်ဒို ၊ ဘက်ခမ်း ၊ စခိုးလ် ၊ နစ္စတယ်ရိုင်း ၊ ရိုင်ယန်ဂစ် ၊ နဗီးလ်ညီနောင် ၊ ဗီဒစ် ၊ နစ်ကီဘတ် ၊ ဗန်ဒါဆား ၊ ရွန်းနီစတဲ့ ကစားသမားတွေကို မြေတောင်မြှောက်ပေးခဲ့သူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့လက်အောက်ကနေ ထွက်ပေါ်လာတဲ့ နာမည်ကြီးကစားသမားတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် နာမည်ကြီး ကစားသမားအများအပြားကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဖာဂူဆန်ရဲ့ အကောင်းဆုံးနဲ့ ပွဲထွက်ခွင့် အများဆုံး ရခဲ့တဲ့ ကစားသမားစာရင်းမှာ ဘယ်လို ကစားသမားတွေ ပါဝင်နေမလဲဆိုတာဟာ စိတ်ဝင်စားစရာ ဖြစ်ပြီး ဘယ်သူတွေ ပါဝင်လာကာ ဘယ်သူတွေ ချန်လှပ်ခံခဲ့ရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးသွားမှာပါ​။

Photo Credit: Standard

ဖာဂူဆန်ရဲ့ အကောင်းဆုံးအသင်းဟာ ၄-၄-၂ ကစားဟန်အပေါ် အခြေခံထားတဲ့ အသင်း ဖြစ်ကာ သေသေချာချာ ကြည့်ရှုမယ်ဆိုရင်တော့ ၄-၄-၁-၁ ဆိုတဲ့ ကစားကွက်နဲ့ ရွေးချယ်ထားတာကို မြင်တွေ့ရမှာပါ။ ဂိုးသမားနေရာမှာတော့ ဖာဂူဆန်ဟာ ၁၉၉၉ခုနှစ်မှာ ဖလားသုံးလုံး အောင်မြင်မှုရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ရှမိုက်ကယ်ကို ရွေးချယ်ထားပြီး နောက်တန်း လေးဦးနေရာမှာတော့ ဂယ်ရီနဗီးလ် ၊ ဖာဒီနန် ၊ ပေါလစ္စတာ ၊ အာဝင်တို့ကို ရွေးချယ်ခဲ့ပါတယ်။ ကွင်းလယ်လူ လေးယောက်တန်းမှာတော့ ဘက်ခမ်း ၊ ရိုင်ကိန်း ၊ ပေါလ်စခိုးနဲ့ ရိုင်ယန်ဂစ် တို့ကို ရွေးချယ်ထားခဲ့ကာ နံပါတ်၁၀နေရာမှာတော့ ဝိန်းရွန်းနီကို ရွေးချယ်သွားပါတယ်။ အထောင်တိုက်စစ်မှူး နေရာမှာတော့ ဖာဂူဆန် ရဲ့ မန်ယူနည်းပြဘဝအစမှာ ခေါ်ယူခဲ့တဲ့ မက်ကလဲယားက ရှိနေခဲ့ပါတယ်။

အရန်လူစာရင်းမှာတော့ ဗန်ဒါဆား ၊ ဘရုစ် ၊ ဆဲဗက်စတာ ၊ အိုရှေး ၊ ဖီးနဗီးလ် ၊ နစ်ကီဘက် ၊ ဆိုးလ်ရှား စတဲ​့ ကစားသမားတွေ ပါဝင်ခဲ့ပြန်ပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေကတော့ ဖာဂူဆန် ဟာ အဆိုပါ အသင်းကို ဖလားသုံးလုံး အောင်မြင်မှုရခဲ့တဲ့ ၁၉၉၉ ခုနှစ်က အသင်းအား အဓိက အခြေခံပြီး ရွေးချယ် ခဲ့တာလို့ သုံးသပ်ထားကြပါတယ်။

The post ဖာဂူဆန်ရဲ့ လက်အောက်မှာ ပွဲထွက်ခွင့် အများဆုံး ရရှိခဲ့တဲ့ အကောင်းဆုံး မန်ယူအသင်း appeared first on MySport Myanmar.