အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ FA ကတော့ အင်္ဂလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ပြန့်ပွားနေတာကြောင့် ရပ်နားထားခဲ့ရတဲ့ ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ အင်္ဂလန်အက်ဖ်အေဖလား ပြိုင်ပွဲကို ပြီးဆုံးသည်အထိ ကျင်းပသွားမှာ ဖြစ်တယ် လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အက်ဖ်အေဖလားပြိုင်ပွဲဟာ ယခုအချိန်မှာ ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိနေခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်မှာတော့ လက်စတာနဲ့ ချယ်လ်ဆီး ၊ နယူးကာဆယ်နဲ့ မန်စီးတီး ၊ ရှက်ဖီးလ်နဲ့ အာဆင်နယ် ၊ နောဝှစ်ချ်နဲ့ မန်ယူ စတဲ့ အသင်းတွေ ရင်ဆိုင်တွေ့ဆုံနေကြပြီး ဘယ်အသင်းက ချန်ပီယံဆုဖလားကို ရယူနိုင်မလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

Photo Credit: FA.com

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်ပြဿနာဟာ တစ်စထက် တစ်စ ပိုမိုကြီးထွားလာတာကြောင့် အင်္ဂလန်နိုင်ငံမှာ ကြီးမားတဲ့ လူစုလူဝေးကို ဖြစ်ပေါ်စေတဲ့ ဘောလုံးပွဲစဉ်တွေကို ရပ်နားထားခဲ့ပေမယ့် မကြာမီလပိုင်းအတွင်းမှာပဲ ယခင်အတိုင်း ပွဲစဉ်တွေကို ပြန်လည် ကျင်းပသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။အင်္ဂလန် သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ FA ဟာ ဝင်ဘလေကွင်းမှာ ကျင်းပမယ့် ယခုနှစ်ရာသီရဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်ကို မည်သည့် အသင်းတွေပဲ တက်ရောက်သည်ဖြစ်စေ ယခုနှစ် အောက်တိုဘာလကို နောက်ဆုံးထားကာ ယှဉ်ပြိုင် ကစားသွားစေမှာ ဖြစ်တယ်လို့ သိရှိရပြီး အဆိုပါသတင်းနဲ့ ပတ်သတ်ပြီး FAရဲ့ အကြီးအကဲတွေကလည်း အတည်ပြု ပြောကြားထားခဲ့ပါတယ်။

Photo Credit: FA.com

ယခုနှစ် အက်ဖ်အေဖလားပြိုင်ပွဲကို ဖျက်သိမ်းသွားမှာ မဟုတ်ပဲ ပြီးဆုံးသည်အထိ ဆက်လက် ကျင်းပသွားမယ့်အကြောင်းကို FAက အခုလိုပဲ ထုတ်ပြန် ကြေညာထားခဲ့ပါတယ်။ အက်ဖ်အေ ဖလားပြိုင်ပွဲကို ပြီးဆုံးသည်အထိ ကျင်းပမယ့် အကြောင်းကို ” ဒီပြိုင်ပွဲမှာ ဆက်လက်ရှိနေတဲ့ အသင်းတွေဟာ အဓိကဖလားတစ်လုံးရဲ့ Final နဲ့ အတော်လေးကို နီးကပ်နေပါပြီ။ ဒါ့ကြောင့် အဲ့ဒီအသင်းတွေနဲ့ အသင်းတွေကို အားပေးတဲ့ ပရိသတ်တွေရဲ့ ဝင်ဘလေအိမ်မက်တွေ ဆက်လက် ရှင်သန်နေအောင် ကျွန်တော်တို့တွေ အနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တာ အားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” လို့ ထုတ်ပြန် ကြေညာထားခဲ့တာပါ။ ဆက်စပ် သတင်းတွေအရတော့ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုဟာ ဗိုလ်လုပွဲကျင်းပသည်အထိ မရပ်တန့်သေးပါကလည်း အဆိုပါဗိုလ်လုပွဲကို ကွင်းပိတ်ကာ ကန်ဖို့အတွက် စီစဉ်နေကြတယ်လို့ သိရှိထားရပါတယ်။

The post ယခုနှစ်ရာသီရဲ့ အက်ဖ်အေဖလားပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပမယ်လို့ FA အတည်ပြု appeared first on MySport Myanmar.