မနေ့ညက ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပွဲဆူစေမယ့် ကိစ္စရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကိစ္စ ကတော့ မန်ယူအသင်းရဲ့ ဗဟို နောက်ခံလူ လင်ဒီလော့ဖ် ဂိုးဧရိယာ အတွင်းမှာ ဘောလုံးကို လက်နဲ့ တားတယ် ဆိုပြီး ပင်နယ်တီ ပေးခဲ့မှုပဲ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဧည့်သည် ခရစ္စတယ် ပဲလေ့စ်အသင်းဟာ အိမ်ရှင် မန်ယူအသင်း ကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ပွဲဆက် နိုင်ပွဲဆက်တဲ့ မှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခရစ္စတယ် ပဲလေ့စ်အသင်း ရရှိသွားတဲ့ သွင်းဂိုးတွေ ထဲမှာ ပင်နယ်တီ သွင်းဂိုးဟာ မပေးသင့်တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကနေ ရရှိခဲ့တာ ဖြစ်ကြောင်း ဘောလုံးရေးရာ သုံးသပ်သူတွေက ဝေဖန်သွားကြပါတယ်။

Photo Credit: Daily Mail

ပဲလေ့စ်အသင်းရဲ့ တိုက်စစ်မှူး ဂျော်ဒန်အယူးရဲ့ ကန်ချက်ကို မန်ယူအသင်းရဲ့ နောက်ခံလူ လင်ဒီလော့ဖ်က တားဆီးရာမှာ ဘောလုံးကို လက်နဲ့ တားမိသလို ဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆန်က VARရဲ့ အကူအညီကို ယူပြီး ပဲလေ့စ်အသင်းဘက်ကို ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်သွင်းခွင့် ပေးခဲ့တာ ဖြစ်ကာ လက်ရှိမှာတော့ ဘောလုံးရေးရာ သုံးသပ်သူတွေက အက်ကင်ဆန်ရဲ့ ဆုံးဖြတ်ချက်ဟာ အဓိပ္ပါယ် မရှိတဲ့ ဆုံးဖြတ်ချက် လို့ ဝေဖန်နေကြပါတယ်။ အယူးရဲ့ ကန်သွင်းချက်က လင်ဒီလော့ဖ်ရဲ့ လက်နဲ့ ထိမိခဲ့တယ် ဆိုပေမယ့် လင်ဒီလော့ဖ်ဟာ ပြေးလွှား နေတာကြောင့် ဘောလုံးကို လက်နဲ့တားမိတာ မဟုတ်ပဲ ဘောလုံးကသာ လက်ကို လာရောက် ထိမှန်တာ ဖြစ်ပြီး ပြေးလွှားနေစဉ် အတွင်းမှာ ကစားသမားတစ်ဦးရဲ့ လက်တွေဟာ အနည်းငယ် ရွေ့လျားမှု ရှိတာဟာ သဘာဝဖြစ်စဉ် ဖြစ်တာကြောင့် အက်ကင်ဆန်ရဲ့ ပင်နယ်တီပေးဖို့ ဆုံးဖြတ်ချက်ဟာ အနည်းငယ် ပြင်းထန် ခဲ့တယ် လို့ ပြစ်ဒဏ်ဘောတွေနဲ့ ပတ်သတ်ပြီး သုတေသန ပြုလုပ်နေတဲ့ သုတေသီ တစ်ဦးက ဆိုထားပါတယ်။

Photo Credit: Daily Mail

ဒါ့အပြင် အက်ကင်ဆန်ရဲ့ ပင်နယ်တီ ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် ရုပ်သံဌာနတွေမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်ခဲ့ကြတဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း အီဗရာနဲ့ အင်္ဂလန်ရဲ့ ဂန္တဝင် ကစားသမားဟောင်း ဂယ်ရီ လိုင်နီကာတို့က ပြင်းပြင်းထန်ထန် ဝေဖန်သွားကြပါတယ်။ VARအကူအညီနဲ့ ပင်နယ်တီ ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အက်ကင်ဆန်ရဲ့ ဆုံးဖြတ်ချက် အပေါ် အီဗရာက ” တကယ်လို့ ကျွန်တော်သာ ကွင်းထဲမှာ ကစားနေဦးမယ် ဆိုရင် အဲ့ဒီ VAR ကို ရိုက်ချိုးပစ်မှာပါ။ ကျွန်တော် က ကွင်းဘေးကို သွားပြီး ကင်မရာကို ဖျက်ဆီးပစ်မိမှာ သေချာပါတယ် ” လို့ ပြင်းထန်စွာ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Daily Mail

ဒါ့အပြင် ဂယ်ရီ လိုင်နီကာကလည်း အက်ကင်ဆန်ရဲ့ ဆုံးဖြတ်ချက်ဟာ အဓိပ္ပါယ်မရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း သူ့ရဲ့ တွစ်တာ အကောင့်မှာ ရေးတင်ကာ ဝေဖန်ခဲ့ပါတယ်။ လိုင်နီကာက ” ဒါက ဘောလုံးရာသီပေါင်း တစ်သန်း မှာတောင် ပင်နယ်တီ မဟုတ်ခဲ့ပါဘူး။ တကယ့်ကို အဓိပ္ပါယ်မဲ့လွန်းတဲ့ ဆုံးဖြတ်ချက်ပါ ” ဆိုပြီး ဝေဖန်ခဲ့တာပါ။ ကဲ ပရိသတ်ကြီးကရော လင်ဒီလော့ဖ်ရဲ့ လက်ထိဘောကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောဟာ ပေးသင့်တဲ့ ပင်နယ်တီလား ၊ ဒါမှမဟုတ် မပေးသင့်တဲ့ ပင်နယ်တီလား ဆိုတာ ကိုယ့်ရဲ့ အမြင်တွေကို ပြောပြပေးသွားကြပါဦး ခင်ဗျ….။

The post ပဲလေ့စ်အသင်း ရခဲ့တဲ့ ပင်နယ်တီဟာ မပေးသင့်တဲ့ ပင်နယ်တီ လို့ အီဗရာနဲ့လိုင်နီကာ ဝေဖန် appeared first on MySport Myanmar.