ဘောလုံးပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဥရောပဘောလုံးပြိုင်ပွဲတွေကို ဒီနေ့ သြဂုတ်(၅)ရက်နေ့ကနေ ပြန်လည်စတင်ပါပြီ။ ဒီညမှာတော့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်တွေရဲ့ဒုတိယအကျော့ပွဲတွေကို ယှဉ်ပြိုင်စေမှာပါ။ ဒုတိယအကျော့ဆိုပေမယ့် တချို့အသင်းတွေကတော့ ကိုဗစ်ကြောင့် ပထမအကျော့တောင် မကစားထားသေးရလို့ တစ်ကျော့တည်းကိုပဲ တစ်ခါတည်းအပြီး ယှဉ်ပြိုင်ကြမှာပါ။ ဒီပွဲတွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

ကိုပင်ဟေဂင် နဲ့ ဘာရှက်ဆီဟီ (ည၁၁နာရီခွဲ)

တူရကီကလပ် ဘာရှက်ဆီဟီအသင်းကတော့ ပထမအကျော့တုန်းက အိမ်ကွင်းမှာ တစ်ဂိုးနဲ့ အနိုင်ရထားခဲ့လို့ နောက်တစ်ဆင့်တတ်ရေးအတွက် အခြေအနေကောင်းထားပါတယ်။ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်က လက်ရှိမှာ အိမ်ကွင်းရလဒ်တွေပါ တည်ငြိမ်မှုမရှိတာကြောင့် ဘာရှက်ဆီဟီကို (၂)ဂိုးပြတ်နဲ့ အနိုင်ရဖို့က ခက်ခဲနိုင်ပါတယ်။ သရေလောက်ပဲ အများဆုံးမျှော်လင့်နိုင်ပြီး ဘာရှက်ဆီဟီပဲ ကွာတားတတ်ပါလိမ့်မယ်။

ရှက်တာဒိုးနက် နဲ့ ဝုလ်ဖ်ဘတ် (ည၁၁နာရီခွဲ)

ယူကရိန်းထိပ်သီးကလပ် ရှက်တာက ဝုလ်ဖ်ဘတ်ကို အဝေးကွင်းမှာပါ အနိုင်ယူထားခဲ့တာဖြစ်လို့ အခုလို ယူကရိန်းမြေမှာ ကစားရမယ့် ဒုတိယအကျော့မှာလည်း အားသာချက်ရှိနေမှာပါ။ ဝုလ်ဖ်ဘတ်က ဘွန်ဒစ်လီဂါမှာလည်း ရလဒ်တွေ သိပ်မကောင်းလှတဲ့ အသင်းဖြစ်ပြီး အခုပွဲကိုလည်း အဝေးကွင်းမှာ ကစားရမှာဖြစ်ကာ အနည်းဆုံးသွင်းဂိုး(၂)သွင်းယူဖို့ လိုအပ်နေတာကြောင့် ဒီပွဲလည်း ရှက်တာပဲ ထပ်မံအနိုင်ရနိုင်ပါတယ်။

အင်တာမီလန် နဲ့ ဂီတာဖေး (မနက်၁နာရီခွဲ)

ကိုဗစ်ကောင်းမှုကြောင့် အင်တာတို့က တစ်ကျော့တည်းကိုပဲ အပြတ်ကစားရမှာဖြစ်ပြီး ဂျာမန်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လတ်တလောမှာ အင်တာက တောက်လျှောက်ရလဒ်ကောင်းနေပြီး နာပိုလီ အတ္တလန်တာတို့ အသင်းတွေကိုလည်း ဆက်တိုက်အနိုင်ယူထားပါတယ်။ ဂီတာဖေးကတော့ အင်တာနဲ့ ရလဒ်ပြောင်းပြန်ဖြစ်ပြီး နောက်ဆုံး(၁၀)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာ ရှိခဲ့အထိကို အခြေအနေဆိုးရွှားထားလို့ ဒီပွဲမှာ အင်တာတို့ပဲ အနိုင်ရသွားပါမယ်။ ဂိုးတော့မပြတ်နိုင်ပါဘူး။

မန်ချက်စတာယူနိုက်တက် နဲ့ LASK (မနက်၁နာရီခွဲ)

ယူနိုက်တက်ကတော့ သြစတြီးယားမှာ ကစားခဲ့ရတဲ့ အဝေးကွင်းပွဲစဉ်မှာတောင် (၅)ဂိုးအထိ အပြတ်အသတ်သွင်းယူထားတာဖြစ်လို့ ကွာတားဖိုင်နယ် တတ်လှမ်းထားသလောက်ကို ဖြစ်နေပါပြီ။ ဒါကြောင့် ဒီပွဲကို အရန်တွေနဲ့ ပွဲထွက်လာမှာလည်း သေချာပါတယ်။ LASK ကလည်း သူတို့အတွက် ဘယ်လိုမှကို မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုမှာ ယူနိုက်တက်ကို သေချာတောင် တုန့်ပြန်ကစားပါ့မလားဆိုတာ မသေချာပါဘူး။ အိုးထရက်ဖိုဒ့်မှာလည်း ယူနိုက်တက်ပဲ အလွယ်တကူ နိုင်ပါမယ်။

The post ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်များအတွက် ပွဲကြိုခန့်မှန်းချက် (5.8.2020) appeared first on MySport Myanmar.