ယခုနှစ် ဘောလုံးရာသီမှာ အင်္ဂလန် ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီကို တန်းဆင်း သွားခဲ့ရတဲ့ ဘုန်းမောက်အသင်းဟာ သူတို့အသင်းကို ကာလရှည် ကိုင်တွယ်ခဲ့တဲ့ နည်းပြ အက်ဒီဟောင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။ အသက်၄၂ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ အက်ဒီဟောင်းဟာ ဘုန်းမောက်အသင်းကို ၂၀၁၂ – ၂၀၁၃ ဘောလုံးရာသီမှ စတင်ကာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ရောက်ရှိအောင် ဦးဆောင်မှု ပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း နှစ်အတော်ကြာ ရှင်သန် နိုင်အောင် လမ်းပြပေးခဲ့သူပါ။

Photo Credit: Be Soccer

အက်ဒီဟောင်းဟာ ဘုန်းမောက်အသင်းကို ရှစ်နှစ်ကြာအောင် ကိုင်တွယ်ခဲ့ချိန်မှာ စုစုပေါင်း ၄၅၅ ပွဲအထိ နည်းပြခဲ့ရပြီး အဆိုပါ ၄၅၅ ပွဲအနက် ၁၉၄ပွဲ ကို အနိုင်ရရှိခဲ့ကာ ၉၂ပွဲ သရေ ၁၆၉ ပွဲရှုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ၄၅၅ ပွဲ ကစားပြီးချိန်မှာ ဘုန်းမောက်အသင်းဟာ ၆၉၁ ဂိုးအထိ သွင်းယူခဲ့ပြီး ၆၂၈ ဂိုး ပြန်ပေးခဲ့ရကာ အက်ဒီဟောင်းရဲ့ လက်အောက်မှာ ဘုန်းမောက်အသင်းရဲ့ တစ်ပွဲ ပျမ်းမျှ ရမှတ်ဟာ ၁.၄၈ မှတ် ရှိပါတယ်။ ကစားသမား အင်အား မတောင့်တင်းတဲ့ အသင်းငယ်တစ်သင်းကို ကိုင်တွယ်တဲ့ နည်းပြတစ်ဦး အနေနဲ့ အက်ဒီဟောင်းရဲ့ မှတ်တမ်းဟာ အတော်လေး ကောင်းနေတာကို မြင်တွေ့ရပါတယ်။

Photo Credit: Be Soccer

ဒါ့အပြင် အက်ဒီဟောင်းဟာ ဘုန်းမောက်အသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး နိုင်ပွဲဖြစ်တဲ့ ဘာမင်ဂမ်အသင်းကို ၂၀၁၄ ခုနှစ် မှာ ၀-၈ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရအောင် ဦးဆောင် နိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ အဆိုးဝါးဆုံး ရှုံးပွဲကတော့ ၂၀၁၃ ခုနှစ်မှာ ဝက်ဖို့ဒ်အသင်း ကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ အက်ဒီဟောင်းရဲ့ ဘုန်းမောက်အသင်းဟာ တန်းဆင်းသွားခဲ့ရပေမယ့် လက်ရှိမှာ အက်ဒီဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ ရက်ဘူးလ် လစ်ဇက် ၊ ခရစ္စတယ်ပဲလေ့စ် တို့လို ပရိသတ် အများစု သိကြတဲ့ အသင်းတွေ ပါဝင်နေတာကြောင့် ဘုန်းမောက် အသင်းကို ကမ္ဘာတစ်ဝှမ်းက သိရှိလာအောင် လုပ်ဆောင်ပေးခဲ့တဲ့ အက်ဒီဟောင်းရဲ့ အနာဂတ် အသင်းဟာ ဘယ်အသင်း ဖြစ်မလဲဆိုတာကို စောင့်ကြည့်သွားရမှာပါ။

The post ဘုန်းမောက်အသင်းကနေ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာသွားပြီ ဖြစ်တဲ့ အက်ဒီဟောင်း appeared first on MySport Myanmar.