ကိုရိုနာ ရောဂါနဲ့ ပက်သက်ပြီး ဒီမာရီယာက ကျွန်တော့်ရဲ့ ဇနီးက အိမ်ထဲမဝင်ခင် အဝတ်တွေ အကုန် ချွတ်ပြီး ရေတန်းချိုးတော့တာပံလို့ ပြောတာက ရယ်စရာလိုလို ဟာသလိုလို ဖြစ်ပေမဲ့လည်း တကယ်တော့ သိပ်ကို မှန်ကန်တဲ့ လုပ်ရပ် တစ်ခုလို့ ကျွန်တော် ကောက်ချက်ချလိုက်ပါတယ်။ ညီအစ်ကိုတို့လည်း အပြင်ကနေ ပြန်လာလို့ အိမ်ထဲ ဝင်တော့မယ် ဆိုရင် အဝတ်တွေကို အကုန် ချွတ်ပြီး ရေမချိုးနိုင်ရင်တောင် အနည်းဆုံးတော့ လက်တွေ အရင်ဆေးပြီးမှ အိမ်ထဲကို ဝင်ကြဖို့ တိုက်တွန်းချင်ပြီး ဒီမာရီယာ ပြောတာလေးကို အစအဆုံး ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Goal

ဒီမာရီယာက “ဒီရောဂါက ကျွန်တော်တို့ ကြုံတွေ့နေကြတဲ့ ကြောက်စရာအရာပါ။ ကျွန်တော်တို့ အိမ်မှာပဲ နေပြီး အခြားအရာတွေကို မလုပ်ဖို့ ကြိုးစားကြတယ်။ ကျွန်တော့်သမီး ကူးစက်ခံရမှာ ကျွန်တော် မလိုချင်ပါဘူး။ ကျွန်တော် ဈေးဆိုင်တွေကို အများကြီး သွားရပါတယ်။ ကျွန်တော် ပုံမှန်သွားလာနေတယ်။ ဘာကြောင့်လဲဆိုရင် လူတွေက လေးစားဖို့ ကောင်းကြတာကြောင့်ပါ။ ကျွန်တော့် မိန်းမက အပြင်ကို တစ်ကြိမ်ပဲ သွားတယ်။ သူ အိမ်ထဲ မဝင်ခင် တံခါးဝမှာ အဝတ်တွေ အကုန်ချွတ်ပြီး ရေတန်းချိုးခဲ့တယ်။ အခုအချိန်မှာ ဘယ်သူဖြစ်ဖြစ် အနည်းငယ်တော့ ကြောက်ကြတယ်။ မြင်ရတာ နဲ့ ကြားရတာက ကြောက်လန့်စေတယ်”လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဖတ်ပြီးကြပြီ ဆိုတော့ ဒီမာရီယာ ပြောသွားတဲ့ အထဲမှာ ယူစရာ ကောင်းတဲ့ အချက်တွေလည်း ရှိနေတာကြောင့် သဘောကျတဲ့ အရာတွေကို ထပ်ချဲ့ပြောချင်ပြီး သူ ပြောတဲ့ “ကျွန်တော့်သမီးကူးစက်ခံရမှာ ကျွန်တာ် မလိုချင်ဘူး” ဆိုတဲ့ စကားက ကျွန်တော့်ရဲ့ ရင်ကို သိပ် ထိမိပါတယ်။ အမှန်ပါပဲ… ကိုယ် တစ်ယောက် အပြင်သွားပြီး ပြန်လာတဲ့ အခါမှာ မပြောကောင်း မဆိုကောင်း ရောဂါ ပါလာမယ်၊ ဒါပေမဲ့ ကိုယ်က လက်မဆေးတာကြောင့် မိသားစုဝင်တွေကို ကူးသွားမယ် ဆိုရင် ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူးလေနော်။ ဒါကြောင့် အပြင်က ပြန်လာရင် လက်ဆေးပါ။ ဒီမာရီယာ နောက်ဆုံးမှာ ပြောသွားတဲ့ ” မြင်ရတာ နဲ့ ကြားရတာက ကြောက်လန့်စေတယ်” ဆိုတာကလည်း သိပ် မှန်နေပါတယ်။ ဒါကြောင့် ညီအစ်ကိုအနေနဲ့ ဘာတွေပဲ ကြားရကြားရ၊ ဘာတွေ ဖတ်ဖတ်၊ အတုလား၊ အစစ်လား ဆိုတာ သေချာသိပြီးမှ ယုံကြည်ပါ။ နောက်ပြီး ကြားရတဲ့ သတင်းတွေ နဲ့ ကြားရတဲ့ စကားတွေကြောင့် ကြောက်လန့်မသွားဘဲ သတိ နဲ့ အသိနဲ့ အမြဲကပ်နေပေးကြပါဗျာ။ ကျွန်တော်တို့… ဒီတောင်ကို ကျော်ပြီးရင် မြက်ခင်းစိမ်းအကြောင်း နဲ့ မိနစ် (၉၀) အကြောင်းကို ပြန်ပြောကြမယ်၊ ပြန်ငြင်းကြမယ်၊ ပြီးရင် စနေည နဲ့ တနင်္ဂနွေညမှာ အိပ်ရေး ပြန်ပျက်ကြမယ်။

The post “ကျွန်တော့်မိန်းမက အိမ်ထဲ မဝင်ခင် တံခါးဝမှာ အဝတ်တွေ အကုန်ချွတ်ပြီး ရေတန်းချိုးတော့တာပါပဲ” – ဒီမာရီယာ appeared first on MySport Myanmar.