ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်း ကတော့ လက်ရှိအချိန်မှာ အသင်းကို အင်အားဖြည့်တင်းဖို့ အတွက် အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ခပ်မြန်မြန် လှုပ်ရှားနေသလို အသင်းမှာ ရှိနေတဲ့ စီနီယာ ကစားသမားတွေထဲက ခြေစွမ်းမပြနိုင်တဲ့သူတွေကို လည်း ရောင်းချဖို့ အတွက် စီစဉ်နေပြီလို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ အေဂျက် တောင်ပံကစားသမား ဇီရက်စ်နဲ့ လစ်ဇက်အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာတို့ကို ခေါ်ယူထားပြီး ဖြစ်ပေမယ့် လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟားဗက် ၊ လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်တို့ကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Daily Mail

တီမိုဝါနာနဲ့ ဇီရက်စ်တို့ကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး ပေါင် ၉၀သန်း ဝန်းကျင် ကုန်ကျထားတာကြောင့် ချယ်လ်ဆီးအသင်းဟာ ကိုင်ဟားဗက် ၊ ဘန်ချီဝဲလ်တို့ကို ထပ်မံ ခေါ်ယူနိုင်ဖို့ အတွက် ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းထုတ်သွားဖို့ လိုအပ်ပြီး လက်ရှိ မှာတော့ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ကီပါ ၊ ဂျော်ဂျင်ဟို အပါအဝင် စီနီယာ ကစားသမား ၁၀ဦးခန့်ကို ကမ်းလှမ်းမှုတွေ ရရှိပါက ရောင်းချသွားမယ်လို့ သိရပါတယ်။ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ဂိုးသမား တစ်ဦးအတွက် ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ကီပါကို ပြန်လည် ရောင်းချသွားမှာ ဖြစ်သလို ကွင်းလယ်လူ ဂျော်ဂျင်ဟို ၊ ဘယ်နောက်ခံလူ အီမာဆန် ၊ ဗဟိုနောက်ခံလူ သုံးဦး ဖြစ်တဲ့ ဇူးမား ၊ ရူဒီဂါ ၊ ခရစ်တန်ဆန်တို့ကို ရောင်းချသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရှိရပါတယ်။

 

Photo Credit: Daily Mail

ချယ်လ်ဆီးအသင်းရဲ့ အရောင်းစာရင်းမှာ နောက်ထပ် ပါဝင်နေသေးတဲ့ ကစားသမားတွေ ကတော့ တိုက်စစ်မှူး ဘတ်ရှူအာရီ ၊ အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ ကွင်းလယ်လူ မော့ဆက် ၊ ဘာကာယိုကို ၊ ဒရင့်ဝါးတားတို့လည်း ပါဝင် နေသေးတယ်လို့ သိထားရပါတယ်။ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက် အရတော့ ချယ်လ်ဆီးအသင်းဟာ အသင်းမှာ ရှိတဲ့ စီနီယာ ကစားသမားတွေကို ရောင်းချရာကနေ ပေါင် ၁၅၀ သန်းဝန်းကျင် ရရှိနိုင်တယ် လို့ ခန့်မှန်း သုံးသပ်ထားကြပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာ ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ သတင်းထွက်နေတဲ့ ကစားသမားတွေ ကတော့ ဘန်လေဂိုးသမား နစ်ပုတ် ၊ အက်သလက်တီကို ဂိုးသမား အော့ဘလက် ၊ နာပိုလီ နောက်ခံလူ ကူလီဘလီ ၊ လေဗာကူဆင် ကွင်းလယ် တိုက်စစ် ကစားသမား ဟားဗက် ၊ လက်စတာ ဘယ်နောက်ခံလူ ချီဝဲလ် ၊ ဆီဗီးလား နောက်ခံလူ ရီဂူလင်တို့ပဲ ဖြစ်ပါတယ်။

The post ကီပါ၊ဂျော်ဂျင်ဟို အပါအဝင် စီနီယာ ကစားသမား ၁၀ဦးကို ရောင်းချသွားမယ့် ချယ်လ်ဆီး appeared first on MySport Myanmar.