ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကတော့ Bild သတင်းမှာ ဘာလို့ လီဗာပူးလ်အသင်းကို ပြောင်းဖို့ အခွင့်အရေး ရရှိခဲ့တာကို ငြင်းပယ်ခဲ့တာလဲလို့ အမေးခံခဲ့ရစဉ်မှာ လီဗာပူးလ်အသင်းကို ငြင်းပယ်ပြီး ချဲလ်ဆီးအသင်းကို ပြောင်းခဲ့တာကို ဘယ်တော့မှ နောင်တမရဘူးလို့ ပြောခဲ့ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့မှာ တိုက်စစ်မှူး တီမိုဝါနာကို လိုက်ပ်ဇစ်အသင်းကနေ ပေါင် (၄၇.၅) သန်းနဲ့ ခေါ်ယူခဲ့တဲ့ အချိန်မှာ လီဗာပူလ်းအသင်း အပါအဝင် ဥရောပ အသင်းတွေ များစွာကို အနိုင်ယူပြီး အပြောင်းအရွှေ့ ဖြစ်မြောက်အောင် ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းမှာ (၁၅၉) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၉၅) ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး ဝါနာကို ခေါ်ယူနိုင်ချေ ရှိနေပါတယ်လို့ သတင်းတွေ အရင်ဆုံး ထွက်ခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းက ကြားဖြတ် ခေါ်ယူသွားခဲ့ပါတယ်။ တိုက်စစ်မှူး တီမိုဝါနာဟာ ယနေ့ည၊ လီဗာပူးလ်အသင်းနဲ့ ကစားသွားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင်မှာ လီဗာပူးလ်အသင်းကို ပြောင်းဖို့ အခွင့်အရေး ရရှိခဲ့တာကို ငြင်းပယ်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းကို ပြောင်းခဲ့တာကို အခုရော အနာဂတ်မှာရော နောင်တမရပါဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဝါနာဟာ Bild သတင်းမှာ ဘာကြောင့် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့တာကို ငြင်းပယ်ခဲ့ပါသလဲလို့ အမေးခံခဲ့ရတဲ့ အချိန်မှာ သူက “နည်းပြ ကလော့ပ်က လက်ရှိအချိန်မှာ ကမ္ဘာ့ အအောင်မြင်ဆုံးနည်းပြတွေထဲက တစ်ဦး ဖြစ်မယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ သေချာတာပေါ့။ တကယ်လို့ သူကသာ သူ့ရဲ့ အသင်းမှာ ကစားဖို့ ခင်ဗျားကို လိုချင်မယ် ဆိုရင် ခင်ဗျားအနေနဲ့လည်း စစဉ်းစားမိပါလိမ့်မယ်။ ပြီးခဲ့တဲ့ လအနည်းငယ်က ကျွန်တော်လည်း ကျွန်တော့်ကို စိတ်ဝင်စားကြတဲ့ အခြားအသင်းအကြောင်းတွေကို တွေးနေခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်တော် ချဲလ်ဆီးအသင်းကို သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ဒီအပြောင်းအရွေ့က ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော် ထင်လို့ပါပဲ။ ကျွန်တော် အခုအချိန်အထိ နောင်တမရဘူးလို့ ပြောနိုင်ပါတယ်။ အနာဂတ်မှာလည်း ကျွန်တော် နောင်တရမှာ မဟုတ်ပါဘူး”လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

The post လီဗာပူးလ်ကို ငြင်းပြီး ချဲလ်ဆီးကို ပြောင်းလာခဲ့တာကို အခုရော အနာဂတ်မှာရော နောင်တရမှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဝါနာ appeared first on MySport Myanmar.