ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ လစ်ဇက်အသင်းနဲ့ အတူ တောက်ပနေတဲ့ ဂျာမန်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူနိုင်ဖို့အတွက် အကောင်းဆုံး အနေအထားတစ်ခု ရရှိထားတယ်လို့ ဂျာမဏီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်း မှာ အေဗရာဟမ် ၊ ဘတ်ရှူအာရီ ၊ ဂျရူး စတဲ့ နံပါတ်၉ နေရာမှာ ကစားနိုင်တဲ့ တိုက်စစ်မှူး သုံးဦးကို ပိုင်ဆိုင်ထားပေမယ့် လက်ရှိနည်းပြ လမ်းပတ်ရဲ့ ကစားကွက်မှာ တိုက်စစ်ပိုင်းကို ဦးဆောင်ကစားမယ့် တိုက်စစ်မှူးဟာ နံပါတ်၉ နေရာမှာထက် တောင်ပံကို ခွဲထွက်ကာ ကွင်းလယ် ကစားသမားတွေနဲ့ ချိတ်ဆက်မှု ပြုလုပ် တတ်တဲ့ ကစားပုံမျိုးကို ပိုင်ဆိုင်ဖို့ လိုအပ်တယ် လို့ ချယ်လ်ဆီးအသင်းရဲ့ ကင်းထောက်တချို့က ဝန်ခံထားကြပါတယ်။

Photo Credit: Daily Mail

ဒါ့ကြောင့်လည်း ချယ်လ်ဆီးအသင်းဟာ သူတို့အသင်း ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူး သုံးဦးထဲမှ ဘတ်ရှူအာရီကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချပြီး တီမိုဝါနာကို ခေါ်ယူဖို့ အတွက် ကြိုးစားလာတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ တီမိုဝါနာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ လီဗာပူးအသင်းကလည်း ကြိုးစားနေပေမယ့် လီဗာပူးအသင်းဟာ လစ်ဇက်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ တွန့်ဆုတ်နေတာကြောင့် ချယ်လ်ဆီးအသင်းဟာ တီမိုဝါနာကို ခေါ်ယူဖို့ ကြိုးစားရာမှာ အလေးသာလာတယ်လို့ Telegraph သတင်းဌာနကလည်း ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Daily Mail

Telegraph သတင်းဌာနရဲ့ အဆိုအရ တီမိုဝါနာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လစ်ဇက်အသင်းကနေ ထွက်ခွာဖို့အတွက် ကြိုတင် စီစဉ်ထားပြီးပြီ ဖြစ်ကြောင်း သိရကာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ဟာ တီမိုဝါနာရဲ့ အိမ်မက်ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေထဲက ဘယ်အသင်းကိုမဆို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး အဆိုပါ အသင်းတွေထဲကမှ သူ့ကို ခေါ်ယူဖို့အတွက် စိတ်ဆန္ဒ ပြင်းပျနေတဲ့ ချယ်လ်ဆီးအသင်းကို သဘောကျ နေတယ်လို့ သိထားရပါတယ်။ အသက်၂၄နှစ် အရွယ် တီမိုဝါနာဟာ လက်ရှိ ဘောလုံးရာသီမှာ လစ်ဇက်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ၄၀အထိ ကစားပေးထားရာမှာ ၃၁ဂိုး သွင်းယူထားပြီး ၁၂ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့သူ ဖြစ်ကာ သူ့ကို ခေါ်ယူမယ်ဆိုရင်တော့ ချယ်လ်ဆီးအသင်း ဟာ ယူရို ၅၀သန်းဝန်းကျင် ကုန်ကျမှာလည်း ဖြစ်ပါတယ်။

The post ဝါနာကို ခေါ်ယူရာမှာ လီဗာပူးကို နောက်ကောက် ချနိုင်မယ်လို့ ယုံကြည်နေတဲ့ ချယ်လ်ဆီး appeared first on MySport Myanmar.