ခရုပတ်လမ်းကြောင်းပုံစံ ပြစ်ဒဏ်ဘော ကန်ချက်တွေနဲ့ ကမ္ဘာ့ဘောလုံးစင်မြင့်ပေါ်မှာ နေရာတစ်နေရာ အရယူနိုင်ခဲ့တဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္တဝင်နောက်ခံလူဟောင်း ရော်ဘတ်တို ကားလို့စ်ကတော့ လက်ရှိအချိန်မှာ ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်လဲ ဖြစ် ၊ အဓိကတိုက်စစ်မှူးလဲ ဖြစ်တဲ့ နေမာကို သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့စေချင်နေတာ ကြာပြီလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ အသက်၂၈နှစ်အရွယ် နေမာဟာ လက်ရှိအချိန်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ ကစားနေသူဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေသူဖြစ်ကာ စပိန်ထိပ်သီး ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ် မက်ဒရစ်အသင်းတို့ထံ ပြောင်းရွှေ့ကစားဖို့ စဉ်းစားနေသူပဲ ဖြစ်ပါတယ်။

Photo Credit: Marca.com

နေမာဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ရိုနယ်ဒိုတို့ရဲ့ နောက်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရဖို့ ရေပန်းစားနေသူတစ်ဦးဖြစ်ပြီး လက်ရှိ အချိန်မှာ ဘာစီလိုနာအသင်းနဲ့ ချိတ်ဆက်ခံနေရတဲ့ ကစားသမားလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကားလို့စ်ရဲ့ အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာလည်း နေမာကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်နေဆဲဖြစ်ပြီး နေမာသာ အသင်းထံ ပြောင်းရွှေ့လိုပါက ခေါ်ယူဖို့အတွက် အသင့်ရှိတယ်လို့ စပိန်အခြေစိုက် သတင်းတွေက ဖော်ပြထားခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ သံတမန်တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ ကားလို့စ်ကတော့ သူဟာ နေမာဟာ ရီးရဲလ် မက်ဒရစ်အသင်းထံ ပြောင်းရွှေ့သင့်တယ်လို့ အကြံပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca.com

နေမာကို ရီးရဲလ်မက်ဒရစ်အသင်းမှာ မြင်တွေ့လိုကြောင်း ကားလို့စ်က ” ကျွန်တော် က နေမာကို ဒီနေရာ(ရီးရဲလ်မက်ဒရစ်)မှာ မြင်တွေ့လိုနေတာ ကြာပါပြီ။ ဒါပေမယ့် ဘဝဆိုတာက ကိုယ်ဖြစ်ချင်သလို ဖြစ်လာတတ်တာမျိုး မဟုတ်ပါဘူး။ သူ့လို ထိပ်တန်းကစားသမားတွေက ကမ္ဘာ့အကောင်းဆုံး အသင်းတွေမှာပဲ ကစားသင့်တဲ့သူတွေပါ။ ရီးရဲလ်မက်ဒရစ်အသင်းက အဲ့ဒီလို ကစားသမားတွေအတွက် ပြယုဂ်တစ်ခု လိုပါပဲ။ ချန်ပီယံလိဂ်ဖလားကို လိုချင်ပါသလား။ ဒါဆိုရင် ရီးရဲလ်မက်ဒရစ်ကို လာခဲ့ပါ ” လို့ ထုတ်ဖော်ပြောကြားသွားခဲ့တာပါ။ ဘောလုံး ကျွမ်းကျင်သူတွေကတော့ ကားလို့စ်ရဲ့ ပြောကြားမှုဟာ နေမာကို ခေါ်ယူဖို့အတွက် ရီးရ​ဲလ်အသင်းဘက်က လှုပ်ရှားတော့မှာဖြစ်ကြောင်းကို အချက်ပြလိုက်တာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

The post နေမာကို ရီးရဲလ်မက်ဒရစ်အသင်းမှာ မြင်ချင်နေတာ ကြာပြီလို့ ပြောလိုက်တဲ့ ကားလို့စ် appeared first on MySport Myanmar.