စပိန်လာလီဂါရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကမှ လီဂါနက်စ်အသင်း ကနေ အရေးပေါ် ခေါ်ယူထားခဲ့တဲ့ ဒိန်းမတ် တိုက်စစ်မှူး ဘရိတ်ဝိတ်ကို ပြန်လည် ရောင်းချတော့မယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ ဘာစီလိုနာအသင်း ဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆွာရက်ဇ်နဲ့ ဂရစ်ဇ်မန်းတို့ ဒဏ်ရာရရှိနေတဲ့ အချိန်မှာ ရေတိုအစားထိုးမှုအဖြစ် လီဂါနက်စ် အသင်းမှာ ခြေစွမ်းပြ ဂိုးသွင်းနေတဲ့ ဘရိတ်ဝိတ် ကို ခေါ်ယူခဲ့တာ ဖြစ်ပြီး ဘရိတ်ဝိတ်အတွက် လီဂါနက်စ် အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၁၈သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Tribuna

ဒါပေမယ့် ဘရိတ်ဝိတ်ဟာ ဘာစီလိုနာအသင်း ထံ ရောက်ရှိလာခဲ့အပြီးမှာ လုံလောက်တဲ့ ပွဲကစားခွင့် မရခဲ့ပဲ အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဘရိတ်ဝိတ်ဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်း ဖြစ်တဲ့ ဝက်ဟမ်းအသင်းဟာ ဘရိတ်ဝိတ်ကို ခေါ်ယူဖို့ အတွက် ကြိုးစားလာပါတယ်။ စပိန်အခြေစိုက် သတင်းဌာနတစ်ခု ဖြစ်တဲ့ Mundo Deportivo သတင်းဌာနရဲ့ အဆိုအရတော့ ဝက်ဟမ်းအသင်း ဟာ ဘရိတ်ဝိတ်အား သူတို့အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်မယ့်သူ အဖြစ် ရှုမြင်နေပြီး ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ဘာစီလိုနာအသင်းထံ ကမ်းလှမ်းမှု ပြုလုပ် ထားကြောင်း သိရပါတယ်။

Photo Credit: Tribuna

ဘရိတ်ဝိတ်ဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါပြိုင်ပွဲမှာ ၄၀၃ မိနစ်သာ ကစားခဲ့ရပြီး သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအခြေစိုက် သတင်းဌာနတွေ ကတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ငွေကြေးဆိုင်ရာ စီမံချက် တချို့ကြောင့် အသင်းမှာ မလိုအပ်တဲ့ ကစားသမားတွေကို ယခု နွေအပြောင်းအရွှေ့ မှာ ရှင်းထုတ်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ယခုလို ဘရိတ်ဝိတ်အတွက် ကမ်းလှမ်းမှုကို ရရှိလာချိန် မှာ လက်ခံဖို့ အဆင်သင့် ဖြစ်နေကြောင်း ဖော်ပြလာကြပါတယ်။ လန်ဒန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဝက်ဟမ်းအသင်းဟာ ဘရိတ်ဝိတ်ကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားပြီးပြီ ဖြစ်တာကြောင့် ဘာစီလိုနာအသင်းက ကမ်းလှမ်းမှုကို လက်ခံတာနဲ့ အပြောင်းအရွှေ့ဟာ လျင်မြန်စွာ ဖြစ်ပေါ် လာမယ်လို့ သိရပါတယ်။

The post ဇန်နဝါရီမှာ ခေါ်ယူခဲ့တဲ့ ဘရိတ်ဝိတ်ကို ဝက်ဟမ်းထံ ပြန်လည် ရောင်းချတော့မယ့် ဘာစီလိုနာ appeared first on MySport Myanmar.