ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့လာမာစီယာအကယ်ဒမီထွက် လူငယ်နောက်ခံကစားသမားလေး အဲရစ်ဂါဆီယာကို အသင်းဆီ ပြန်လည်ခေါ်ဆောင်သွားချင်နေတာကြောင့် ဒီကစားသမားဟောင်းလေးကို အသင်းရဲ့နွေရာသီစျေးကွက်အတွင်း အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက်ရှိနေပေမယ့် မန်စီးတီးအသင်းကတော့ ကမ်းလှမ်းမှုတွေကို ပယ်ချဖို့ဆုံးဖြတ်ထားပြီး ကစားသမားဘက်က ဆန္ဒရှိမယ်ဆိုရင်လည်း နှစ်ရှည်စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုသွားဖွယ် ရှိနေပါတယ်။

Photo Credit : AS English

အသက်(၁၉)နှစ်သာရှိသေးတဲ့ စပိန်လူငယ်နောက်ခံကစားသမားလေး ဘာစီလိုနာအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်(၃)နှစ်ကပဲ ပတ်ဂွာဒီယိုလာရှိရာ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီး စီးတီးလူငယ်အသင်းမှာ ပါဝင်ကစားခဲ့ရင်းနဲ့ ဒီရာသီမှာ စီနီယာအသင်းနဲ့ ပူးပေါင်းခွင့်တွေ စတင်ရရှိလာတာဖြစ်ပါတယ်။ ဂွာဒီယိုလာကလည်း အသင်းရဲ့ခံစစ်ပိုင်းပြသာနာတွေ ကြုံနေရချိန်မှာ ဂါဆီယာကို ယုံယုံကြည်ကြည်နဲ့ နေရာပေးခဲ့တာကြောင့် ဒီရာသီအတွင်းမှာပဲ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၉)ပွဲအထိကို ပါဝင်ခဲ့ရပြီး အနာဂတ်မှာလည်း မန်စီးတီးရဲ့အမာခံ ခံစစ်ကစားသမား ဖြစ်လာဖွယ်ရှိနေပါတယ်။

Photo Credit : Goal

ဒီလို အသင်းအတွက် ခြေစွမ်းတွေပြလာပြီး နည်းပြယုံကြည်မှုကို ပိုင်ဆိုင်လာခဲ့တဲ့ ဂါဆီယာကို သူရဲ့အသင်းဟောင်း ဘာစီလိုနာဘက်ကနေ ပြန်လည်အလိုရှိလို့နေပြီး အသင်းရဲ့အဓိကနောက်ခံကစားသမားကြီး ဂျရတ်ပီကေး ခြေအကျဘက်ရောက်လာချိန်မှာ သူ့နေရာကို အစားထိုးဖို့အတွက် ဂါဆီယာကို ချိန်ရွှယ်လာခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားလေးကို အသင်းကနေ ရောင်းထုတ်မသွားချင်တဲ့အပြင် နှစ်ရှည်စာချုပ်သစ်တစ်ရပ်ပါ ချုပ်ဆိုချင်နေပါတယ်။ ဂွာဒီယိုလာကလည်း ဂါဆီယာကို အသင်းမှာပဲ ဆက်လက်ရှိနေလိမ့်မယ်လို့ ယုံကြည်မိကြောင်းနဲ့ သူတို့အသင်းကလည်း ဂါဆီယာကို အသင်းမှာ ဆက်ရှိနေချင်တာကို ကစားသမားကိုယ်တိုင်ရော သူရဲ့မိသားစုဝင်တွေရော သူရဲ့အေးဂျင့်ပါ သိရှိထားတာဖြစ်လို့ သူ့ဘက်ကနေသာ ဆန္ဒရှိမယ်ဆိုရင်တော့ အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ကစားသမားက အသင်းကနေ ထွက်ခွာချင်နေတယ်ဆိုရင်လည်း သူအနေနဲ့ ဘာမှမတတ်နိုင်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ ဘုန်းမောက်နောက်ခံလူ နာသန်အကီကို ပေါင်(၄၁)သန်းနဲ့ ခေါ်ယူသွားဖို့ နီးစပ်လျက်ရှိလို့နေပြီး နာပိုလီနောက်ခံလူ ကူလီဘလီကိုလည်း ပစ်မှတ်ထားလျက်ရှိနေပါတယ်။

The post မန်စီးတီးအသင်းရဲ့ ခံစစ်မှူးလေးကို အသင်းရဲ့အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ ဘာစီလိုနာ appeared first on MySport Myanmar.