အာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားသမား ပီယာအမ်းမရစ်ခ်အူဘာမီယန်းကတော့ သူရဲ့အာဆင်နယ်အသင်းကို ဖလားလက်မဲ့ရာသီမဖြစ်အောင် သူရဲ့သွင်းဂိုးတွေနဲ့ စွမ်းဆောင်ပေးနိုင်ခဲ့သလို ဥရောပဝင်ခွင့်ကိုပါ ရရှိသွားအောင် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့သလို ကလပ်အသင်းများစွာရဲ့စိတ််ဝင်စားခြင်းကို ခံယူနေရတဲ့ အူဘာမီယန်းရဲ့အနာဂတ်ကတော့ အခုထိကို မရေမရာသာ ဖြစ်လို့နေဆဲပါပဲ။

Photo Credit : The Sun

အာဆင်နယ်ကို အက်အေဖလားပိုင်ဆိုင်နိုင်အောင် အဓိကနေရာကနေ ပါဝင်စွမ်းဆောင်ခဲ့သူ အူဘာမီယန်းကို ပွဲအပြီး အင်တာဗျူးနေစဉ်အတွင်း အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်လာခဲ့ရာ အူဘာမီယန်းက “ဒါနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောလိုပါဘူး။ အခုက အသင်းဖော်တွေနဲ့ပဲ ကျွန်တော်ပျော်ရွှင်ချင်တယ်။ အခုလေးတင်မှ ဆုဖလားရထားတာလေ” လို့ ပြန်လည်ဖြေဆိုလာခဲ့ကာ ဒီအဖြေနဲ့ပတ်သက်လို့ BT Sports အားကစားရုပ်သံလိုင်းမှာ ရုပ်သံတင်ဆက်သူဖြစ်တဲ့ ယူနိုက်တက်ကစားသမားဟောင်း ရီယိုဖာဒီနန်ကတော့ “အဲ့ဒါ သူအသင်း ပြောင်းတော့မယ်လို့ပြောခဲ့တာ” ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။

Photo Credit : Daily Express

အူဘာမီယန်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နည်းပြအာတီတာကလည်း “သူအသင်းမှာ ဆက်ပြီးရှိနေလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ ကျွန်တော်သူနဲ့ပတ်သက်ပြီး ဘာတွေတွေးတောထားလဲဆိုတာကိုလည်း သူသိမှာပါ။ ကျွန်တော်က သူ့ကိုအဓိကထားပြီး အသင်းကိုတည်ဆောက်သွားချင်နေတာ။ သူကိုယ်တိုင်ကလည်း ဆက်လက်ရှိနေချင်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် မကြာခင်မှာပဲ စာချုပ်သက်တမ်းတိုးမယ့် ကိစ္စတွေ အပြီးသတ်နိုင်တော့မှာပါ။ အခုအခိုက်အတန့်လေးကလည်း ကျွန်တော်တို့အသင်းက လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတယ်ဆိုတာနဲ့ သူကလည်း ဒီအသင်းရဲ့ကြီးမားတဲ့အစိတ်အပိုင်းကြီး ဖြစ်နေတယ်ဆိုတာကို ပိုနားလည်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။ အသင်းသားတွေအားလုံးကလည်း သူ့ကို အရမ်းပဲချစ်ကြတာ။ ကျွန်တော်တော့ သူ ကျွန်တော်တို့နဲ့ ဆက်လက်ရှိနေနိုင်ဖို့ပဲ မျှော်လင့်နေမိပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ လတ်တလောမှာ ဂါဘွန်တိုက်စစ်ကစားသမားကို ဘာစီလိုနာအသင်းကနေ အတော်လေးကို ခေါ်ယူချင်နေပြီး နေမာ မာတီနက်ဇ်တို့လို ကစားသမားတွေကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေးတွေ မြင့်မားနေတဲ့အတွက် အူဘာမီယန်းဘက်ကိုပဲ ပြောင်းလဲပစ်မှတ်ထားလာခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် အူဘာမီယန်းကို အင်တာမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတွေကလည်း အပြိုင်စိတ်ဝင်စားလို့နေပါတယ်။

The post အနာဂတ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ မေးခွန်းကို ဖြေဆိုသွားခဲ့ခြင်းမရှိတဲ့ အူဘာမီယန်း appeared first on MySport Myanmar.