အာဆင်နယ်ကတော့ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘရာဇီးတောင်ပံကစားသမား ဝီလီယံကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပေမယ့်လည်း ဝီလီယံကို မခေါ်ယူခင်မှာ အသင်းကနေ ရိုးမားအသင်းဆီကို တစ်ရာသီအငှားချထားခဲ့တဲ့ အာမေးနီးယားကွင်းလယ်ကစားသမား ဟင်းနရစ်မစ်ခီတာရန်ကို အရင်ရောင်းထုတ်ဖို့ လိုအပ်နေပြီး သူကိုရောင်းထုတ်ပြီးမှသာ ဝီလီယံရဲ့အပြောင်းအရွှေ့ကို အပြီးသတ်နိုင်လိမ့်မယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၁)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဝီလီယံဟာ ချယ်လ်ဆီးအသင်းဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဝီလီယံဘက်ကနေ အလိုရှိနေတဲ့ (၃)နှစ်စာချုပ်ကို ကမ်းလှမ်းလာခြင်းမရှိပဲ (၂)နှစ်စာချုပ်နဲ့သာ ကမ်းလှမ်းခဲ့လို့ ဝီလီယံက အသင်းနဲ့ သက်တမ်းတိုးဖို့ကို ပယ်ချခဲ့ပြီး လမ်းခွဲဖို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ဝီလီယံကို ဘာစီလိုနာ ရီးရဲလ်မက်ဒရစ် ဂျုဗင်တပ်စ်တို့လို အသင်းတွေကနေ စိတ်ဝင်စားနေကြပေမယ့်လည်း လန်ဒန်မှာပဲ ဆက်လက်နေထိုင်ချင်နေတဲ့ မိသားစုဝင်တွေကြောင့် ဝီလီယံဟာ အာဆင်နယ်ကိုပဲ ရွေးချယ်ဖို့အကြောင်းဖန်လာရတာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

နာမည်ကျော်အားကစားသတင်းမီဒီယာတွေမှာလည်း အာဆင်နယ်အသင်းဆီ ဝီလီယံရောက်ရှိလာဖို့ အလွန်ကို နီးစပ်နေပြီလို့ ဖော်ပြနေကြပေမယ့် ဝီလီယံကို မခေါ်ယူခင်မှာ အာဆင်နယ်အသင်းက သူတို့ရဲ့ကစားသမားဖြစ်တဲ့ မစ်ခီတာရန်ကို အသင်းကနေ အပြီးသတ်ရောင်းချဖို့ လိုအပ်နေဦးမယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။ ရိုးမားအသင်းဆီကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေတဲ့ ကွင်းလယ်ဖန်တီးရှင် မစ်ခီတာရန်ဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၁)သိန်း(၈)သောင်းအထိ ရရှိနေတာဖြစ်ပြီး ဝီလီယံကို ခေါ်ယူမယ်ဆိုရင်လည်း အနည်းဆုံး ပေါင်(၁)သိန်းခွဲလောက် ပေးချေရနိုင်တာဖြစ်လို့ လစာပေးချေမှုတွေ မြင့်မားနိုင်တဲ့အတွက် လစာများများရနေတဲ့ မစ်ခီတာရန်ကို အရင်ရောင်းထုတ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒေါ့မွန်နဲ့ ယူနိုက်တက်ကစားသမားဟောင်း မစ်ခီတာရန်ဟာ ရိုးမားအသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး သွင်းဂိုး(၉)ဂိုးလည်း သွင်းယူထားနိုင်ခဲ့ပေမယ့် ရိုးမားအသင်းက သူ့ကို အပြီးသတ်ခေါ်ယူဖို့ထက် နောက်တစ်ရာသီသာ ထပ်မံအငှားခေါ်ယူချင်နေတာဖြစ်ပြီး မဖြစ်မနေ အပြီးသတ်ခေါ်ယူရမယ်ဆိုရင်လည်း အာဆင်နယ်ဘက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ခက်ခဲနိုင်တာကြောင့် အာဆင်နယ်နဲ့ ကစားသမားချင်း အလဲအထပ် လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

The post ဝီလီယံကို မခေါ်ယူခင် မစ်ခီတာရန်ကို အရင်ဆုံး ရောင်းချရဖွယ်ရှိနေတဲ့ အာဆင်နယ် appeared first on MySport Myanmar.