ဒီနေ့ည (၁၁)နာရီအချိန် အင်္ဂလန်နိုင်ငံ ဝင်ဘာလေဘောလုံးကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမယ့် အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီ အက်အေဖလား ဖိုင်နယ်ပွဲစဉ်ဟာ တိုက်စစ်ကစားသမား ပီယာအမ်းမရတ်ခ်အူဘာမီယန်းအတွက် အာဆင်နယ်ကစားသမားဘဝ နောက်ဆုံးသောပွဲစဉ်တစ်ပွဲ ဖြစ်လာမယ်ဆိုတာ လုံးဝမဟုတ်ကြောင်းနဲ့ ကစားသမားကိုယ်တိုင်က အာဆင်နယ်မှာ ပျော်ရွှင်နေတယ်လို့ အာဆင်နယ်နည်းပြ မီခဲလ်အာတီတာက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

Photo Credit : AS English

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတင်းမီဒီယာတွေပေါ်မှာ အူဘာမီယန်းအနေနဲ့ လန်ဒန်ဒါဘီ အက်အေဗိုလ်လုပွဲကို ဆင်နွဲပြီးတာနဲ့ အာဆင်နယ်နဲ့ လမ်းခွဲတော့မှာဖြစ်တယ်ဆိုပြီး ဖော်ပြလာခဲ့တဲ့အပေါ် အာတီတာက ဒီသတင်းတွေဟာ မှန်ကန်မှုမရှိကြောင်း တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။ အာတီတာက “No ပါ။ ကျွန်တော်ကတော့ အဲ့ဒီလို မခံစားမိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ အက်အေဖလားကို ဗိုလ်စွဲပြီးတော့ ဥရောပဝင်ခွင့်ကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေက ပိုတောင့်တင်းလာနိုင်မှာဖြစ်လို့ ပိုပြီးတော့ မျှော်လင့်ချင်စရာ ကောင်းနေပါတယ်”

Photo Credit : Football365

“နောက်ပြီး အူဘာမီယန်းက ကျွန်တော်တို့နဲ့ စာချုပ်ကျန်ရှိနေသေးတဲ့ ကစားသမားဖြစ်နေသေးတယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ ကျွန်တော်တို့ကတော့ သူ့ကို ဒီမှာဆက်လက်ထိန်းသိမ်းထားချင်သေးတယ်။ နှစ်ရှည်အသင်းနဲ့ ဆက်ပြီးလက်တွဲစေချင်ပါတယ်။ အခုချိန်မှာတော့ သူက ကျွန်တော်တို့နဲ့အတူ အာဆင်နယ်အသင်းမှာ ကစားနေရတဲ့အပေါ် ဂုဏ်ယူနေမိမှာပါ။ ဒီညပွဲအတွက်ကိုပဲ ကျွန်တော်တို့တွေ အပြည့်အဝ အာရုံစိုက်ထားပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အူဘာမီယန်းကို ဘာစီလိုနာ ဂျုဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အူဘာမီယန်းနဲ့ အာဆင်နယ်အသင်းတို့ကြားမှာလည်း စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေပါတော့တယ်။ တကယ်လို့ အာဆင်နယ်အသင်းအနေနဲ့ အက်အေဖလားမှာ ချယ်လ်ဆီးကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ကာ ယူရိုပါလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်လိုက်ရမယ်ဆိုရင် အာဆင်နယ်အနေနဲ့ အူဘာမီယန်းကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့က ရာခိုင်နှုန်းပိုများနေတယ်လို့လည်း သတင်းဌာနတချို့ကနေ ဖော်ပြထားခဲ့ပါတယ်။ ၂၀၁၈ခုနှစ်ကမှ ဒေါ့မွန်အသင်းကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့တဲ့ ဂါဘွန်တိုက်စစ်ကစားသမားဟာ အသင်းအတွက် နှစ်ရာသီအတွင်းမှာ ဂိုးပေါင်း(၅၀)ကျော်အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

The post အက်အေဖလားဖိုင်နယ်ပွဲက အူဘာမီယန်းရဲ့ နောက်ဆုံးပွဲစဉ်မဟုတ်ဘူးလို့ အာတီတာတုန့်ပြန် appeared first on MySport Myanmar.